တောင်ငူဆောင် လှေကားကနေ ယောက်ျားလေးနှစ်ယောက်ပြေးတက်လာသည်။ဖိနပ်သံကကျယ်ပေမဲ့ စာသင်သံတွေကြောင့်သိပ်မထင်ရှား။
သက်ဆိုင်ရာ စာသင်ခန်းရှေ့သို့ ထိုနှစ်ယောက် ရောက်သွားသောအခါ အခန်းဝင်ပေါက်နှင့်မလှမ်းမကမ်းတွင် လက်ရန်းကို မှီလျက်ရပ်နေသောလူတစ်ယောက်ကိုတွေ့လိုက်ရသည်။စာသင်ခန်းထဲဝင်ရန်ပြင်နေသောထိုနှစ်ယောက်မှာ ရပ်နေသောသူကိုမြင်သည်နှင့် ခပ်အမ်းအမ်းဖြစ်သွားသည်။ ပြီးမှ ပြီတီတီပြုံးပြရင်း အခန်းထဲရှိ ဆရာကိုဝင်ခွင့်တောင်းလိုက်၏။"ဆရာ ဝင်ခွင့်ပြုပါဗျ.."
"ဆရာဝင်ခွင့်ပြုပါ"
အတန်းချိန်သည် ပျို့ကဗျာ သင်ချိန်၊ ဆရာကျော်၏အချိန်။
ဆရာကျော်သည်အလွန်သဘောကောင်းသောဆရာဖြစ်သည်။ထို့ကြောင့်ကျောင်းသားများကလည်း ချစ်ကြသည်။ ဆူဆဲသည့်အချိန်မျိုးလည်းမရှိဖူးချေ။ ကျောင်းသားတွေနဲ့အတူတူ လိုက်လျောညီထွေဖြစ်အောင်စာသင်တတ်သလို စကားပြောကောင်း၊စာသင်ကောင်းတာကြောင့် သူ့အချိန်ဆိုလျှင်မပျင်းရ။ဆရာကျော်က စာသင်ခြင်းကိုရပ်ပြီးဝင်လာသည့်ကျောင်းသားနှစ်ယောက်ကို လိုက်ကြည့်သည်။သူ့အချိန်က ယနေ့နှစ်ချိန်ဆက်။
ယခုမူ ဒုတိယအချိန်မြောက်ဖြစ်ပြီးစာသင်ချိန်နာရီဝက်သာကျန်တော့သည်။"မင်းမင်းစိုးနဲ့ရဝေအောင် ဟုတ်တယ် ဟုတ်?"
"ဟုတ်ပါတယ်ဆရာ ကျွန်တော်တို့နည်းနည်းနောက်ကျသွားတယ်"
"ငါစာသင်လို့တောင်ပြီးတော့မယ်။အဲ့တာကနည်းနည်းနောက်ကျတာလားကွ"
"အဟဲ ဆရာကလည်း.."
ဆရာကျော်သည် စာအုပ်ကို ပိတ်လိုက်ပြီး မင်းမင်းစိုးနှင့်ရဝေအောင်ကိုတစ်ချက်ကြည့်ပြီး ချောင်းဟန့်လိုက်သည်။
"တက္ကသိုလ်ကျောင်းသားက စာမလုပ်ရဘူးလို့ မသတ်မှတ်ထားဘူးနော်။ ဟုတ်တယ်မလား။"
"ဟုတ်ပါတယ်"
"အခွင့်သင့်တုန်းပြောလိုက်ပါဦးမယ်။roll call ရချင်ရုံအတွက်နဲ့တော့ စာသင်ပြီးခါနီးမှမလာပါနဲ့ကွာ။ဘာလို့လဲဆိုတော့ စာသင်ပျက်သလို။ စာလည်းအာရုံစိုက်လို့ရမှာမှမဟုတ်ဘဲ၊ roll call လိုချင်ရင် စာသင်ချိန်ပြီးရင်လာတောင်းလိုက်။"
YOU ARE READING