{၅၄}U/Z

94.7K 9.7K 2.2K
                                    

Unicode

(Song recommended- It's You cover ver:
ကျွန်တော်က လိုက်မယ်ထင်လို့ recommend ပေးပေမဲ့ မလိုက်ဘူးထင်ရင် တခြားဟာနားထောင်နော်)

ကားဟွန်းတီးသံတွေ၊ ဗန်းကိုခေါင်းမှာရွက်ကာ သူ့ထက် ငါအပြိုင်အော်ရောင်းနေကြသည့် စျေးသည်​ေတွ၊ သတင်းစာ၊ဂျာနယ်များကို ဖတ်ကာ ဖောက်သည်စောင့်နေကြသည့် ဆိုက်ကားသမားများ၊ စည်ကားနေသည့်လက်ဖက်ရည်ဆိုင်တွေ၊လူကူးမျဉ်းကြားမှာ တောင်တောင်အီအီကြည့်နေကြသည့် လူများဖြင့် ရန်ကုန်မြို့တော်ကြီးဟာ စည်ကားမြဲ…

လှည်းတန်းမှတ်တိုင်တွင် လိုင်းကားတစ်စီးကထိုးရပ်သည်။ ထိုထဲမှ လူအများဟာ အလျှိုလျှိုဆင်းသက်လာကြသလို၊ မှတ်တိုင်မှာစောင့်နေသည့် ခရီးသည်တချို့က ကားပေါ်သို့တက်လာသည်။ လူများဆင်းလိုက်တက်လိုက်ဖြင့် လိုင်းကား၏တစ်နေ့တာ အလုပ်သည် ဤသို့နှယ်ကျင်လည်နေတော့သည်။
လူငယ်တစ်ယောက်နှင့် မူလတန်းအရွယ်ကလေးတစ်ယောက်သည် လိုင်းကားများအခါခါစီးရင်း လှည်းတန်းစျေးသို့ရောက်လာကြပြန်သည်။

စျေးအတွင်း၌ ပျားပန်းခတ်နေသော လူများသည် ထိုလူငယ်လေး၏မျက်လုံးအတွင်းတွင်တော့ မျက်စိပဒဿဖြစ်စရာပင်။

"ခါးစူး...အစဆိုင်ပဲ တန်းသွားရအောင်။ ပြီးမှ ရွှေရင်အေးဝယ်တိုက်မယ်နော်။"

ခါးစူးက သူ့လက်ကိုဆွဲထားသည့်စောနရီကို မော့ကြည့်ကာ ရယ်ပြရင်း
"အစော သဘော"

လေးတန်းကို တကျော့ပြန်တက်ရမည့်ခါးစူးအတွက် စောနရီက ကျောင်းမအပ်ခင် တစ်ခေါက်ရန်ကုန်ကို ခေါ်လာပြခြင်းပင်။ စာမေးပွဲပြီးတော့ လှိုင်းဘွဲ့ကိုပြန်ခဲ့သည့်အချိန်တွင် ခါစူးက ကျောင်းတစ်ဝက်တစ်ပျက်။ ကလေးက ကျောင်းမသွားရဘဲ ကြုံရာကျပန်းလုပ်နေရသည်မို့ စောနရီလည်း မနေနိုင်တော့ဘဲ သူ့နောက်လိုက်ချင်သလားဟုမေးခဲ့သည်။ ခါးစူးကလည်း လိုက်ဖို့လက်ခံခဲ့တာမို့ ခါးစူးမိဘတွေကို ပိုက်ဆံအနည်းအကျဉ်းပေးပြီး ခါးစူးကိုခေါ်ထုတ်လာခဲ့မိသည်။ မဟုတ်လျှင် ခါးစူးက သူ့ညီမလေးကိုသာဦးစားပေးနေရသည်မို့လူမွှေး လူရောင်ပြောင်တော့မည်မဟုတ်။
လစဉ်တိုင်း ကျန်ခဲ့သည့်ထိုကလေးငယ်အတွက်ပါ မုန့်ဖိုးပို့ပေးတာမို့ ခါးစူးကသူ့ကိုကျေးဇူးတင်မဆုံး။
ကျောင်းကို ရန်ကုန်မှာပဲထားပေးမှာဟု ပြောတုန်းကဆိုလျှင် ခါးစူးက ထကမတတ်။ သူလည်း ခါးစူးကျောင်းတက်ချိန်တွင်တော့ ရန်ကုန်မှာ အလုပ်လုပ်ဖို့တွေးထားသည်။
ယခုလည်း ကြံခင်း( ဧရာဝတီတိုင်းထဲကမြို့နာမည်) မှာ အမိုးရဲ့လက်ငုတ်လက်ရင်းစက်လေးဖြင့် အချုပ်အလုပ်ကို စားဖို့သောက်ဖို့အတွက်ကြိုးစားလုပ်လေသည်။ကြံခင်းမြို့မှာလည်း သူနေသားကျနေလေပြီ။ အလုပ်နှင့်လက်မပြတ်သည်မို့ သူ့မှာ အတွေးများဖို့မရှိ။ အလုပ်နှင့် လက်ပြတ်သွားသည်နှင့် အတွေးပေါင်းစုံက သူ့ခေါင်းထဲတိုးဝင်လာတတ်သည်။ ပျော်ရွှင်စရာအတိတ်တွေနှင့်နာကျင်စရာအတိတ်တွေက ရောပြွမ်းလျက်ရှိကာ ပြန်တွေးမိတိုင်း သူ့နှလုံးသားကအရှိန်မသေနိုင်ဘဲ ပြုံးမိ၊ငိုမိဆဲ။ ထို့ကြောင့် အလုပ်ကို ဇယ်ဆက်သလိုလုပ်နေမိခြင်းပင်။အားနေလျှင် ပိုးထည်ရက်သည့်နေရာများ၌ လေ့လာရင်လေ့လာ၊ မလေ့လာဖြစ်လျှင် ငှက်ပျောခြောက် လှန်းပြီး အိမ်ဆိုင်( ရပ်ကွက်ထဲရှိ မုန့်ဆိုင်) များတွင် အိမ်တွင်းမှုလုပ်ငန်းအဖြစ် ပို့ပေးသည်။ခါးစူးကလည်း လုပ်ကူသည်မို့ အရာရာဟာ ပုံမှန်ကဲ့သို့ အဆင်ပြေနေသည်။
တကယ်ပဲ ပုံမှန်ဖြစ်နေလားကိုတော့ သူလည်းသေချာမသိပါချေ။

အဓိပတိလမ်းမထက်က မောင့်ခြေရာ{အဓိပတိလမ်းမထက်ကမောင့်ခြေရာ}Where stories live. Discover now