အပိုင်း (၃၇)

2.8K 569 122
                                    

အပိုင်း (၃၇)

"ဝမ်ဖေးက ဘယ်လိုပြောလိုက်တာလဲ...တခါတည်း 'မလာဘူး'လို့ ပြောလိုက်တာလား..."

နန်ရှီးသည် အိပ်ရာထက်တွင် လဲလျောင်းနေရင်းမှ မေးလိုက်သည်။ အပေါ်ယံကြည့်ရယုံဖြင့် သူမ ဘယ်နေရာတွင် ဒဏ်ရာရ၍ နေထိုင်မကောင်းဖြစ်နေသည်၊ မသက်သာသေးသည်အား ခန့်မှန်းဆုံးဖြတ်ရန် ခက်ခဲလှသည်။ သို့စေကာမူ သူမ၏မျက်နှာအရောင်အသွေးကတော့ အတန်ငယ်ဖြူဖျော့နေလေသည်။

"မမလေး...ဝမ်ဖေးက သူ့ခြံဝန်းထဲမှာ လုပ်စရာကိစ္စလေးတွေရှိနေသေးလို့လို့ပဲ ပြောလိုက်ပါတယ်...အချိန်ရတဲ့အခါကျမှ မမလေးကို လာကြည့်တော့မယ်လို့ ပြောလိုက်ပါသေးတယ်..."

သူမခစားနေရသည့်သခင်၏ မျက်နှာအမူအရာ အသေးစိတ်ကိုကြည့်ခြင်းဖြင့် ဤအိမ်တော်ကြီး၏အရှင်သခင်သည် ဝမ်ဖေးသာဖြစ်သည်ဟု အစေခံမိန်းကလေး နားလည်လိုက်သည်။ သို့သော် လက်ရှိ သူမအနေဖြင့်ပြောရမည်ဆိုလျှင် ယခု သူမ၏အရှေ့တွင်ရှိနေသောသူသည်သာ သူမ၏အရှင်သခင်အစစ်ဖြစ်သည်။

"မမလေး...ကျွန်မကတော့လေ ဝမ်ဖေးမှာ ဘာလုပ်စရာမှ မရှိဘူးထင်တာပဲ...သူက ဒီအတိုင်း မမလေးကို လာမတွေ့ချင်လို့ပဲနေမှာ...ဝမ်ဖေး အဲ့လိုဖြစ်နေတာ သေချာပေါက် ဝမ်ရယ်က မမလေးကို ဒီလို အရေးပေး၊ ဂရုစိုက်နေလို့ပဲနေမှာ...အဲ့ဒါမို့လို့ မမလေးကို သူ့စိတ်ထဲမှာ ဒေါသတွေထွက်၊ မနာလိုတွေဖြစ်ပြီး ဆင်ခြေတွေပေး၊ဘာပေးနဲ့ လာမတွေ့နိုင်တာနေမှာပေါ့..."

သေချာ စဉ်းစားဆုံးဖြတ်ကြည့်ပြီးနောက်မှသာ အစေခံမိန်းကလေးသည် ထိုစကားမျိုးပြောလာခြင်းဖြစ်သည်။ စကားဆုံးသွားသည့်တိုင် သူမ၏မမလေးထံတွင် ဒေါသထွက်၊လက်မခံသည့်ဟန်မတွေ့ရသဖြင့် သူမသည် ပို၍ရဲတင်းလာကာ ဆက်ပြောလာလေသည်။

"မမလေး...မမလေးက အခုမှ ဒီအိမ်တော်ကို ရောက်လာလို့ မသိသေးတာ...ဝမ်ရယ့်မှာ လက်ထပ်ထားတဲ့ ဇနီးရော၊ ကိုယ်လုပ်တော်တွေသာရှိနေတာ....တကယ်တမ်းကျတော့ ဝမ်ရယ့်အနောက်ဆောင်က မိန်းမတွေထဲမှာ ဝမ်ရယ့်စိတ်ကို ဖမ်းစားနိုင်တဲ့သူဆိုတာ အခုထိကို ဘယ်တယောက်မှ မရှိသေးဘူး..."

ကြင်ရာတော် ချန်အန်း The Rich And Honorable Chang An(MyanmarTranslation)(Unicode)Wo Geschichten leben. Entdecke jetzt