အပိုင်း (၃၅)

5.4K 787 190
                                    

အပိုင်း (၃၅)

ရှောင်းချင်းယွဲ့ ရှန်ဝမ်အိမ်တော်သို့ အလည်လာသည့်အချိန်တိုင်းတွင် သူမသည် အမြဲတစေပင် အိမ်တော်၏ရှေ့ဧည့်ခန်းမဆောင်၊ သို့တည်းမဟုတ် ရှောင်းချင်းယန့်၏ စာကြည့်ဆောင်သို့သာ တန်း၍သွားလေ့ရှိသူဖြစ်သည်။ အိမ်တော်၏အနောက်ဆောင်သို့ တခါတလေပင် သွားရောက်လည်ပတ်ခဲ့ခြင်းမျိုး မရှိဖူးခဲ့ပေ။ ထို့ကြောင့်ပင် မင်းသမီး အိမ်တော်သို့ အလည်လာသည်ဟူသောသတင်းကြားလိုက်သည်နှင့် ရှောင်းချင်းယန့်သည် နန်ရှီး၏ ထုံရှင်းအဆောင်မှနေ၍ ရှေ့ဧည့်ခန်းမဆောင်ရှိရာသို့ သွားရန်ပြင်လိုက်သည်။ သို့သော် ခါတိုင်းအချိန်များနှင့်မတူစွာ လမ်းပြသည့်ယားထိုထံမှ သတိပေးစကားကြားလိုက်ရမည်ဟုတော့ သူ မထင်ထားခဲ့ပေ။

"ဝမ်ရယ်...အရှင်မင်းသမီးက ဝမ်ဖေးရဲ့အဆောင်မှာ ရှိနေတာပါ..."

“ဘာ...”

အဲ့ဒီ ကောင်မလေးကတော့...။ ပင်မခြံဝန်းဆီသို့ အတတ်နိုင်ဆုံး အမြန်ရောက်အောင် သွားခဲ့ပေမယ့် သူ၏ဝမ်ဖေးသည် မိမိ၏ကိုယ်ပိုင်ခြံဝန်းတွင်ရှိမနေဘဲ၊ ထိုအစား ယောက်ျားလေးတဦးအသွင် ဝတ်ဆင်ထားသည့် ရှောင်းချင်းယွဲ့တယောက်သာ ခြံဝန်းထဲရှိ ယားထိုငယ်လေးအား နောက်ပြောင်ကျီစယ်နေသည့်မြင်ကွင်းကိုသာ ရှောင်းချင်းယန့် မြင်တွေ့လိုက်ရသည်။

"ဘယ်အရွယ်ပဲရောက်နေပြီလဲ...အခုအချိန်ထိကို ဒီလိုတွေ ဝတ်နေတုန်းပဲလား...မင်း ဒီလိုပုံစံကို လူတွေမြင်ပြီး အနားမကပ်ရဲဘဲ...အဲ့ဒီလိုနဲ့ အိမ်ထောင်ဖက်ရှာမတွေ့နိုင်ရင် ဘယ်လိုလုပ်မလဲ..."

အသာလက်ပြကာ အနားတွင်ရှိနေသော ယားထိုများအား နောက်ဆုတ်ခိုင်းလိုက်ပြီး ရှောင်းချင်းယန့်သည် ရှေ့တွင်ရှိနေသော ရှောင်းချင်းယွဲ့အား ကြည့်လိုက်သည်။ သူ၏စိတ်ထဲတွင် သူမအားကြည့်ရင် အမျိုးမျိုး မပြောပြတတ်သော ခံစားမှုအစုံအား ခံစားမိလာသည်။ မျက်စိတမှိတ်အတွင်းမှာပင် ရှောင်းချင်းယွဲ့သည် လက်ထပ်ရမည့်အသက်အရွယ်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

ရှောင်းချင်းယွဲ့သည် ငယ်စဉ်ကတည်းကပင် ယောကျ်ားလေးတဦးကဲ့သို့ ဝတ်ဆင်ရသည်အား သဘောကျသူဖြစ်သည်။ ထိုစဉ်အခါတုန်းကတော့ ကလေးမအရွယ်သာရှိသေးသော သူမသည် အစ်ကိုတော်များ၏မျက်စိထဲတွင်တော့ လှလှပပ ဝတ်စားပြင်ဆင်ချင်စိတ်ရှိသည့်အရွယ်မရောက်သေး၍သာဖြစ်သည်ဟု မြင်ခဲ့ကြတာပဲဖြစ်သည်။ သို့သော် ယခု သူမ၏အသက်ပင် ဆယ့်ရှစ်နှစ်ပြည့်တော့မည်...အမူအကျင့်များကတော့ အရင်အတိုင်း မပြောင်းလဲဘဲရှိနေတုန်းပဲဖြစ်သည်။ အရိုးစွဲလာခဲ့သည့် သူမ၏ အမူအကျင့်၊ စရိုက်တို့က ယခုအချိန်မှ ပြောင်းလဲ၍ရပါဦးမည်လားပင် သူတို့ မသိတော့။

ကြင်ရာတော် ချန်အန်း The Rich And Honorable Chang An(MyanmarTranslation)(Unicode)Where stories live. Discover now