အပိုင်း (၂၆)

3.3K 566 22
                                    

အပိုင်း (၂၆)

ရှောင်းချင်းကျန်၏မယ်တော်အနေဖြင့် ရှီချန်အန်းအပေါ်တွင် ကောင်းမွန်သောသဘောထားထင်မြင်ချက်တခုရှိသည်ဆိုသည်မှာ တကယ်တမ်းတော့ မဖြစ်နိုင်သည့်ကိစ္စတခုပင်။ ထို့ကြောင့် ယနေ့ ကျိုးကွေ့ဖေးမှ သူ့ဘက်မှနေ၍ ဝင်ရောက်ပြောဆိုပေးခြင်းသည် ရှီချန်အန်းအတွက်တော့ စိတ်ကူးထဲတွင်ပင် မမျှော်လင့်ထားသည့်ကိစ္စပင်ဖြစ်သည်။ ထိုသို့ဖြင့် တန်ဖိုးကြီး မြင့်မြတ်လှသော အမျိုးမြင့်အမျိုးသမီးအုပ်စုကြီးထံမှ ထွက်လာခဲ့ပြီးချိန်တွင်... နောက်ဆုံးတော့ ရှီချန်အန်း သူ၏စိတ်ထဲတွင် သက်သာရာရသွားတော့သည်။

ထိုအမျိုးသမီးအုပ်စုနှင့်စကားပြောရသည်မှာ သူ့အတွက်တော့ ပင်ပန်းခက်ခဲလွန်းလှသည်။ သူ ဘယ်လိုပဲရှောင်ကာနေနေပါစေ...ထိုသူတို့သည် သူ ခုန်ဆင်းလာစေရန် တွင်းတူး၍စောင့်နေကြတာပဲဖြစ်သည်။

"မရီးတော်..."

ယနေ့အဖို့တော့ ရှီချန်အန်း ရှောင်းချင်းယွီတယောက်အား လုံးဝ မမြင်မိသေးပေ။ ရှောင်းချင်းကျန်သည်လည်း စောစောက သူ့အား တချက်ကူညီပေးခဲ့သည်ဆိုသော်ငြား တကယ့်အပြင်ပန်းတွင်တော့ သူ့နှင့် စကားတခွန်းမျှပင် ပြောဆိုနှုတ်ဆက်ခြင်းမရှိခ့ဲပေ။ ထိုအစား အစောပိုင်းက သူ့အား အသိအမှတ်ပြုခေါင်းညိတ်ရုံသာရှိခဲ့သည့် ဒုတိယမင်းသားမှာမူ ယခု သူ၏အနားသို့ လာရောက်စကားပြောနေသည်။

"ချန်အန်း ဒုတိယမင်းသားကို အရိုအသေပေး နှုတ်ဆက်ပါတယ်..."

ဤသည်မှာ ရှီချန်အန်း ဒုတိယမင်းသား ရှောင်းချင်းနျဥ့်အား ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ ရှောင်းချင်းယွီဖြစ်စေ၊ ရှောင်းချင်းကျန်ဖြစ်စေ...သူတို့နှစ်ဦးစလုံးတွင် ရှောင်းချင်းယန့်နှင့် ခပ်ဆင်ဆင်ရှိသည့်နေရာ နှစ်ချက်သုံးချက်တို့အား ရှီချန်အန်း မြင်တွေ့လေ့ရှိသည်သာ။ သို့သော်... ဤဒုတိယမင်းသားထံတွင်မူ ထိုမင်းသားသုံးပါးလုံးနှင့် မျက်နှာသွင်ပြင်လက္ခဏာ၊ စိတ်နေစိတ်ထား၊ အကျင့်စရိုက်တို့အပြင် လူတဖက်သားထံသို့ပေးနေသည့် ခံစားချက်အမြင်တွင်ပင် လုံးဝတူညီသည့်အချက် တချက်မျှပင် မရှိပေ။

ကြင်ရာတော် ချန်အန်း The Rich And Honorable Chang An(MyanmarTranslation)(Unicode)Where stories live. Discover now