အပိုင်း (၁၂)

2.4K 391 10
                                    

အပိုင်း (၁၂)

ဝမ်ရယ်အိမ်တော်၏ စီ့ဖေးများအား ကြိုဆိုမှုသည် တရားဝင်ဇနီးသည်ဖြစ်သည့် ကျန့်ဖေးအား ကြိုဆိုဧည့်ခံပွဲ၏ အပြင်အဆင်တို့အား မမှီနိုင်သော်ငြားလည်း အနောက်နန်းသခင်ထံမှ လူလွှတ်၍ ဂုဏ်ပြုချီးမြှင့်ခြင်းကိုကား ခံရပေသေးသည်။ ထို့အပြင် စီ့ဖေးနှစ်ပါး၏ မိသားစုနောက်ခံအင်အားသည်လည်း မသေးလှပေရာ ထိုပွဲနေ့သည်ကား တော်ဝင်အမိန့်စာဖြင့် ချီးမြှောက်ခဲ့သော မင်္ဂလာပွဲတခုနှင့် သိပ်မခြားလှပေ။ ထို့ကြောင့် ထိုစီ့ဖေးနှစ်ပါး အိမ်တော်သို့ ဝင်ရောက်သောနေ့သည် အိမ်တော်အတွက် နေ့ထူးနေ့မြတ်တရက်အလား စည်ကားသိုက်မြိုက်လှသော နေ့တနေ့ပင် ဖြစ်လေတော့သည်။

ရှီချန်အန်းသည် မနက်အစောကြီးကပင် ကြိုဆိုပွဲအတွက် စတင်ပြင်ဆင်နေခဲ့သည်။ သူ၏မျက်နှာသွင်ပြင်သည်ကား တည်ငြိမ်နေခဲ့ပင်မယ့် အမှန်တကယ် သူ၏စိတ်ထဲတွင်တော့ စိုးရိမ်ပူပန်မှုများက မသေးလှပေ။ အဘယ့်ကြောင့်ဆိုသော် ထိုအသစ်ဝင်လာမည့် စီ့်ဖေးနှစ်ပါး၏ စိတ်အခြေအနေ၊ သဘောထားတို့နှင့် ပတ်သက်၍ ကောင်းသည်၊ ဆိုးသည်၊ ပေါင်းသင်းဆက်ဆံရလွယ်မလွယ်ဟူ၍ သူ ဘာမှ မသိရသေးချေ။ သူ သူ့ကိုယ်သူ အနာဂတ်နေ့ရက်များတွင် အနောက်ခြံဝန်းထဲတွင်သာ နေ၍ သာမန်မိန်းမများကဲ့သို့ ယောကျ်ားတယောက်၏ အချစ်အတွက် ရှိရှိသမျှသော ခွန်အားနှင့် နည်းလမ်းပေါင်းစုံအား သုံးကာ အခြားသော မိန်းမများအား အကွက်ချ ကြံစည်ကာ တိုက်ခိုက်ရင်း ဖြတ်သန်းသွားရမည့် သူတယောက်အနေတော့ စိတ်ကူးဖြင့်တောင် မတွေးချင်မိပေ။

သူ၏ လက်ထပ်မင်္ဂလာပွဲနေ့တွင်မူ မင်္ဂလာအခမ်းအနား ထုံးတမ်းဖြစ်သော မိုးမြေကန်တော့ခြင်း ပြီးဆုံးသည်နှင့် ဦးခေါင်းတွင် မင်္ဂလာပုဝါနီ အုပ်လျက်သားဖြင့် မင်္ဂလာဦးအခန်းအတွင်းသို့ ခေါ်ဆောင်သွားခြင်း ခံခဲ့ရပေရာ အပြင်တွင် မည်ကဲ့သို့သော ဧည့်သည်များ လာရောက်ခဲ့ကြသည်အား ရှီချန်အန်း မသိခဲ့ရပေ။ ယနေ့တွင်မူ သူကား ဤဝမ်ရယ်အိမ်တော်၏ အခြားသော အရှင်သခင်တဦးအဖြစ် လာရောက်ကြသည့် ဧည့်သည်များအား ဧည့်ခံနှုတ်ဆက်ရတော့မှပင် 'လက်စသတ်တော့ ဤဝမ်ရယ်အိမ်တော်၏ မင်္ဂလာဧည့်ခံပွဲသည် ကြီးကျယ်ခမ်းနားကာ စည်ကားလှပေတကား'ဟု သူ သိလိုက်ရတော့သည်။

ကြင်ရာတော် ချန်အန်း The Rich And Honorable Chang An(MyanmarTranslation)(Unicode)Where stories live. Discover now