Ep-3

2.8K 257 10
                                    

Unicode

နွားလှည်းလေးပေါ် နွားချေးကြက်ချေး၊သစ်ရွက်ဆွေးတို့ဖြင့်လုပ်ထားသည့် မြေဩဇာထုတ်များက အပြည့်အမောက်။
ဓာတုမြေဩဇာများကို လွယ်လွယ်ကူကူပေါပေါများများရနိုင်ပေမယ့် ထုံးစံက သဘာဝအလျောက်ရသည့် ‌ထိုမြေဩဇာများကိုသာ သဘောကျပေသည်မို့ ဉီးကျောက်မောင်းထံ သူရင်းငှားဝင်သည့်တစ်လျှောက် သဘာဝမြေဆီဩဇာများကိုသာ အသုံးပြုခဲ့သည်။
ဦးကျောက်မောင်းလို ကျွဲနွားပေါသည့်လယ်ပိုင်ရှင်ကြီးများသာ သဘာဝမြေဩဇာကို ပေါပေါများများရနိုင်ပေမယ့် တစ်နိုင်တစ်ပိုင်
လယ်သမားအများစုက‌တော့ ဓာတုမြေဩဇာကိုသာ တွင်တွင်ကျယ်ကျယ်သုံးခဲ့ကြသည်။
လွန်ခဲ့သည့်နှစ်များမှ ဓာတုမြေ‌ဩဇာ၏ဆိုးကျိုးများကို သိလာကြပြီးနောက် သဘာဝမြေဩဇာများကိုသာ ပြန်လည်အသုံးပြုလာကြသည်မို့ ဖတ်ထားခဲ့သမျှမြေဆီမြေဆွေးများများရအောင် ပြုလုပ်နိုင်သည့် နည်းလမ်းများကိုလည်း လက်တွေ့အသုံးချလာနိုင်ခဲ့သည်။
နှစ်တစ်နှစ်၏ သီးနှံရိပ်သိမ်းပြီးချိန်မှစ၍ ကြွင်းကျန်ထားသော ကောက်ရိုး၊မြက်ခြောက်များနှင့် တိရိစ္ဆာန်အညစ်အကြေးများကို ကန်ကြီးအတွင်းတွင် သမအောင်ထည့်ပြီး မြန်မြန်ဆွေးလွယ်သည့် အချဉ်ဖောက်ထားသော နွားနို့၊ဆန်ဆေးရည်နှင့်တင်လဲရည်တို့ကိုဖြန်းပြီး ပြုလုပ်ထားသည့် မြေဆွေးတို့က မိုးရာသီရောက်သည်နှင့် ထုတ်သုံးရန်အဆင်သင့်။
မကြာခင်စိုက်ပျိုးတော့မည့် လယ်ကွက်တွေထဲထည့်ကာ ထိုလယ်ကွက်တွေ၏မြေစနစ်ကိုပိုကောင်းစေတော့မည်ဖြစ်သည်။
ကောင်းကောင်းကြီးထွားလာမည့် စပါးပင်တွေကိုမျှော်တွေးကြည့်ရင်း ပါလာသည့် မြေဩဇာအိတ်များကို မမောနိုင်မပန်းနိုင်သယ်ရင်း ပြုံးမိသည်။
စပါးပင်တွေကိုချစ်သည့် ဓလေ့ထုံးစံက ထိုစပါးပင်တွေအတွက်ဆို ပင်ပန်းသည်ဟူ၍ မရှိ။

တဲအောက်ဘက်ရှိ နေရာလွတ်တစ်နေရာတွင်ပါလာ‌သည့်‌မြေဩဇာထုတ်များကို တစ်အိပ်ချင်းစီ သယ်ကာ နေရာတကျစီထားပြီးသည်နှင့် နွားစားကျက်မြေသို့ လိုက်လာခဲ့သည်။
တစ်ကောင်စီပြန့်ကျဲနေသည့် နွားများကို စုကာ အနီးနားက ချောင်းစပ်လေးတွင် ရေသောက်ဆင်းစေပြီးနောက် နွားကျောင်းခိုင်းထားသည့် ‌ကောင်လေးပေါက်စကို လိုက်ရှာကြည့်တော့
ဟိုကြည့်ဒီကြည့်နှင့် နွားအုပ်ကို လိုက်ရှာနေသည့် ကောင်လေးက  တုတ်လေးကိုင်ကာ လှုပ်တုတ်လှုပ်တုတ်လေးလုပ်နေသည်။
နွားအုပ်က ရေသောက်ပြီးသည်နှင့် သူတို့ဘာသာ စားကျက်ကွင်းထဲပြန်သွားပြီမို့ ထုံးစံ‌လည်း ကောင်လေးရှိရာ လျှောက်လာခဲ့လိုက်သည်။

ရိုးရာထုံးစံ(Completed )Where stories live. Discover now