Ep-6

2.1K 212 9
                                    

Unicode

ပုစွန်ဆီရောင်သန်းနေသည့် နေရောင်အောက်တွင် လေယူရာယိမ်းနွဲ့နေသည့် စိမ်းစိမ်းစိုစို စပါးခင်းကြီးက ကြည့်ကောင်းလွန်းလှသည်။
စပါးခင်းကို နောက်ခံထားကာ ကန်တင်းလေးပေါ် ဟိုဘက်ဒီဘက် ယိမ်းထိုးနေသည့် ကိုယ်လေးကို ချော်မလဲအောင် အတင်းသတိထားရင်း ထုံးစံရှိရာဆီ လျောက်လှမ်းလာသည့် ကောင်ကလေးကြောင့် စပါးခင်းက ကြည့်ရတာမှာ ပို၍တင့်‌တယ်နေသည်။
လယ်ယာလုပ်ငန်းတွင် စပါးစိုက်ပျိုးချိန်နှင့် ရိပ်သိမ်းချိန်တွင်သာ အလုပ်များကြသော်လည်း ကြားကာလများတွင်‌ မြေဩဇာဖြူးရန်နှင့် ရေသွင်းရေထုတ်လုပ်ပေးရန်သာရှိသည်မို့ ထိုကာလသည် အလုပ်အားလပ်သည့် ကာလဟု ဆိုလျှင်လည်း ဆိုလို့ရပေသည်။
တစ်ခုခုကို မလုပ်ရပါဘဲ ငြိမ်ငြိမ်မနေတတ်သည့် ထုံးစံက အလုပ်မှန်သမျှ သူချည်း သိမ်းကြုံးလုပ်သွားသည်မို့ နဂိုကတည်းက နွားကျောင်းရုံသာ လုပ်ရသည့် အညီတစ်ယောက် အလုပ်ကင်းမဲ့သွားကာ ယောင်ဝါးဝါးဖြစ်နေသည်။
ဖိုးပျော့နှင့်အတွဲညီနေသည့် အညီတစ်ယောက် ရွာထဲဝင်ကာ နေရာအနှံလှည့်ပတ်ပြီး ညနေစောင်းကာမှ တဲလေးဆီပြန်လာတတ်သည်မို့ အထီးကျန်ထုံးစံမှာ‌ တစ်ရက်တစ်နေ့စာလောက် အညီ့ကို သတိရနေတတ်ပါသည်။
‌ရောက်လေရာ ပျော်တတ်သည့် အညီကတော့ မောင်လိုချင်ကြသည့် အပျိုကြီးမမများ၏အလိုလိုက်မှုတွေကို ခံယူရင်း ထုံးစံကိုတော့ သတိနေလိမ့်မည်မဟုတ်။
ချစ်လွန်းပါသည့် စပါးခင်းကြီးကိုသာ မြတ်နိုးမှုအပြည့်နှင့်ပြုံးပြတတ်သည့် ထုံးစံဟာ စပါးခင်းကြီးကိုမြင်နေပါရက် မပြုံးမိတော့။
နေဝင်တရော ညနေစောင်းကာမှ အသံတကျော်ကျော်အော်ခေါ်ကာ အပြုံးတွေဝေဝေဆာဆာပေးတတ်သည့် အညီကို တွေ့ရကာမှ သက်ပြင်းမောတစ်ချက်ချကာ အသက်ဝင်သည့်အပြုံးတို့က ပြန်လည်ပေါ်ထွက်လာတတ်သည်။
ခဏတာခွဲရခြင်းကပင် ဒီလောက်အားပြင်းသည်ဆိုပါက တစ်သက်လုံးစာ ခွဲခွာရခြင်းကိုသာ ကြုံရပါလျှင် ခံနိုင်ရည်မဲ့ကာ အသက်ရှင်သန်ရခြင်းက အဓိပ္ပါယ်ရှိတော့မည်မဟုတ်။
အညီအပေါ်ထားသည့် သူ၏မေတ္တာသက်ဝင်မှုဟာ ညီအစ်ကိုချင်းတဖွယ် မောင်နှမသဘောသက်ဝင်မှုမျိုး မဟုတ်တော့မှန်း တရိပ်ရိပ်နှင့်တက်လာသော မြတ်နိုးခုံမင်ခြင်းတို့က အသိသက်သေပြုသည်။

ရိုးရာထုံးစံ(Completed )Where stories live. Discover now