Ep-10

1.9K 166 3
                                    

Unicode

စပါးနှံတို့က အဆံထည့်ကာ ခေါင်းငိုက်လာခဲ့ပြီ။
လေးလေးတွဲ့တွဲ့အစေ့အဆံတွေရွဲနေအောင် သီးတာကြောင့် ဒီနှစ်လည်း စပါးတင်းရေ အထွက်တိုးမည်မှန်း ခန့်မှန်းရသည်။
တင်းရေတိုးလျှင် တိုးသလို ဦးလေးမောင်းက လုပ်အားခပိုပေးတတ်သည်မို့ ထုံးစံအတွက်တော့ ကျေနပ်စရာပင်။
တစ်ခြားသောလယ်မြေကွက်အပိုင်းမှ သူလိုကိုယ်လို လယ်သူရင်းငှားတွေ၏ မနာလိုရှု့စိမ့်မှုကိုတော့ ဂရုစိုက်မနေတော့။
လာမည့်မိုးဦးတွင်တော့ ထုံးစံဝယ်ယူထားသည့်မြေရိုင်းကွက်များတွင်သာ စိတ်တိုင်းကျ စိုက်ပျိုးပြီး ကိုယ်ပိုင်စီးပွားရေးလုပ်တော့မည်။
အရင်းအနှီးအတွက်တော့ စိုးရိမ်စရာမရှိ။
အဖွားလေးတစ်ယောက်လို ယုံကြည်ရသည့်ဒေါ်နွားလေးက ထုံးစံ၏လုပ်အားခရသမျှကို ငွေတိုးချကာ အတိုးအပွားလုပ်ထားပေးသည်မို့ တော်တော်များများရှိနေသည်။

ယခင်သူ့အတွေးအရ ဦးလေးမောင်းထံနောက်ထပ်တစ်နှစ်လောက် ဆက်လုပ်ကာ မြေရိုင်းကွက်များကို ထပ်ဝယ်ရန် စီစဉ်ထားပေမယ့် သူ့ထံတွင် စောင့်ရှောက်ခံလူသားအိမ်‌ပြေးလေးအညီတစ်‌ယောက်ရှိလာခဲ့သည်။
ကျောင်းဆက်တက်လိုသည့်စိတ်လေးရှိသေးသည်မို့ အပြည့်အဝပညာသင်ယူခွင့်မရခဲ့‌သည့်ထုံးစံအဖို့ တစ်စုံတစ်ယောက်ကို ပညာရေးဆုံးခန်းတိုင်သည်အထိ ထောက်ပံ့ပေးနိုင်တော့မည်မို့ ကြိတ်ဝမ်းသာရသေးသည်။
‌တောထဲတောင်ထဲ မနေဖူးသည့်ကောင်ကလေးက နှုတ်ကနေ မဖွင့်ပြောပေမယ့် နေရထိုင်ရကျဉ်းကျပ်ကာ အဆင်မပြေဖြစ်နေမှန်း သိသာလှသည်။

အိမ်ခြံဝင်းလေးတစ်ဝင်းဝယ်ကာ နှစ်ကိုယ်စာ အိမ်လေးတစ်လုံးဆောက်မည်။
နှစ်ရှည်သီးပင်စားပင်လေးတွေစိုက်ထားမည်။
အရိပ်ရသည့်အပင်ကြီးကို ဝိုင်းပတ်ကာ သစ်သားကွပ်ပျစ်လေးလုပ်ထားမည်။
စာဖတ်နေမည့်ကောင်ကလေးလေးကို စိုက်ပျိုးထားသည့်ပန်းခင်းလေးကိုရေလောင်းရင်းတစ်မေ့တမောငေးကြည့်မည်။
မနှစ်ကအိမ်မက်နှင့်မတူသည့်အချက်က တစ်ယောက်စာအိမ်လေးကနေ နှစ်ယောက်နေရန်အိမ်လေး။
တစ်ယောက်တည်းအထီးကျန်နေသည့်လူတစ်ယောက်ကနေ ပြုံးပျော်နေကြမည့်လူနှစ်ဦး။
အထီးကျန်မည်စိုး၍ အိမ်မက်တွေကို အကောင်အထည်မဖော်ဖြစ်ခဲ့သည့် ရှေ့နှစ်တွေကဓလေ့ထုံးစံဟာ ပျောက်ကွယ်သွားပြီး အနာဂတ်ကို ကြိုတွေးကာ ပျော်နေသည့် ဓလေ့ထုံးစံဖြစ်မှန်းမသိ ဖြစ်နေခဲ့သည်။

ရိုးရာထုံးစံ(Completed )Where stories live. Discover now