Ep_4

2.4K 233 18
                                    

Unicode

ထုံးစံတစ်ယောက် နေပူမိ၍ အဖုအပိမ့်ထွက်ပြီးနောက်တစ်နေ့မှစ၍ အညီကို မည်သည့်အလုပ်မလုပ်စေတော့။
အညီတစ်ယောက်စာအား သူတာဝန်ယူပါမည်..
သူ့လုပ်အားထဲကဖြတ်ယူပါဟုဆိုကာ ‌ဦးလေးမောင်း၏ငြိုငြင်ဒဏ်က လွတ်အောင်လည်း ကာကွယ်ပေးရသေးသည်။
တစ်ခြားလူတစ်ယောက်ကို တာဝန်ယူစောင့်ရှောက်ဖို့သာ မလွယ်ကူပေမယ့်  သူဂရုစိုက်ပေးလိုသည့်လူသားက အညီဖြစ်နေခဲ့သည်။
အကြောင်းပြချက်က အညီဆိုသည့်လူသားလေးဖြစ်နေသည့်မို့ ထုံးစံအတွက် လုံလောက်သွားခဲ့ပြီ။

အားနာတတ်ကာ သူ့‌အရိပ်‌တွင်အလကားမခိုဝင်နေတတ်သည့် အညီက ဟိုနေရာစပ်စပ်ဒီနေရာစပ်စပ် လျောက်လုပ်နေတော့ မပိတ်ပင်တော့ဘဲ သေချာတတ်မြောက်အောင်သာ သင်ပေးကူပေးခဲ့သည်။
ထုံးစံ၏ဂရုစိုက်ခြင်းတွေ ပုံအောပေးနေပေမယ့်
အညီက ပျော့ညံ့သည့်လူသားလေးလည်း မဟုတ်။
တွေးမိသည့်အတွေးတစ်ချို့အရ ပျော်ပျော်နေတတ်သည့်ကလေးသာသာအရွယ်မို့ သူ့အရိပ်အောက်တွင် ထားကာ လမ်းမမှားအောင် စောက်ရှောက်ခြင်းသာ။

အပူအပင်မရှိသည့်အညီက နွားကျောင်းလာရင်း သူတို့၏တဲလေးကို လာတတ်သည့် ဖိုးပျော့ဆိုသည့်ကလေးနှင့်ပင် တော်တော်ရင်းနှီးကျွမ်းဝင်နေပြီ။
၁၆နှစ်အရွယ်အညီက ၁၀နှစ်သားဖိုးပျော့နှင့်တွဲကာ မျောက်ရှုံးအောင်ဆော့တတ်သေးသည်။
တားနေသည့်ကြားက မရမက ဖိုးပျော့နှင့်အတူ နွားကျောင်းသွားတတ်သေးသည့် အညီကြောင့် လိမ်းနေကျဆေးအချို့ကိုသာ မပြတ်ရအောင် ဝယ်ပေးထားရသည်။

ကောင်လေးက ဆိုးချင်သည်။
အေးအေးဆေးဆေးနှင့် သက်တောင့်သက်သာနေစေချင်သည်မို့ အလုပ်မလုပ်စေသည်ကို ထမင်းဟင်းချက်လိုက်၊နွားထိန်းလိုက်နှင့်မရ‌ရအောင် လုပ်တတ်သေးသည်။
မီးတူးတလှည့်၊မကျက်တလှည့် ထမင်းအိုးနှင့်လည်း အသားကျကာ စားလို့ရအောင်ချက်တတ်နေပြီ။
ချက်ပြုတ်ထားသမျှ ကောင်းခြင်းဆိုးခြင်း အပြစ်မပြောဘဲ အကုန်စားခြင်းအတွက် အညီဆီက အပြုံးပန်းလှလှလေးတွေကို ရသည်။
ထုံးစံ၏တစ်သက်သာမှာ တွေးကြည့်ရုံနှင့်ပြုံးစေနိုင်သည့်က စပါးပင်များသာရှိခဲ့သည်။
အခုတော့ အညီဆိုသည့် လူတစ်ယောက်ပါလာခဲ့ရောပေါ့....
တပ်ရခက်သည့်ခေါင်းစဉ်အောက် အရောင်မပါသည့် အပြုံးတို့ကို ဆွဲမထည့်ချင်၍ အဖြေလိုက်ရှာနေမည်မဟုတ်။
ရိုးရိုးလေးကသာ ကောင်းပါသည်။
ထူးဆန်းသည့် အတွေးတစ်ချို့ဖြစ်ပေါ်လာမှုကိုတော့ ပျော်ရွှင်နေသည့် ကောင်လေးရော တစ်ခြားသူတွေကိုပါ လက်ရှိအချိန်မှာ အသိပေးမိမည်မဟုတ်။

ရိုးရာထုံးစံ(Completed )Where stories live. Discover now