final ep

4.3K 196 11
                                    

Unicode

"ဟေ့ ထုံးစံ ဘယ်အကွက်ကို
အရင် ရိပ်လိုက်ရမလဲဟေ့.."

"တောင်စပ်နားက အကွက်ကနေစရိပ်ခဲ့
မမျိုးရေ...
ရိပ်လို့ရတာက ကောက်ညှင်းစပါးနော်
ငွေတိုးစပါးက သိပ်မမှည့်သေးဘူးဗျ...
ကြည့်လိုက်တာနဲ့ သိသာတယ်ဆိုပေမယ့် မမြင်မစမ်းနဲ့ မှားနေပြန်ဦးမယ်..."

"အေးပါကွယ်.ငါသိပါတယ်...
ဒါဆိုရင် စရိပ်တော့မယ်နော်..."

"ဟုတ်ကဲ့ ဟုတ်ကဲ့ မမျိုး...
ကောက်လွှာလေးတွေကို သပ်သပ်‌ရပ်ရပ်လေး ထားပေးခဲ့ပါဦးဗျ..."

ဝေလီဝေလင်း နံနက်ခင်းအချိန်ခါ တံစဉ်ငယ်ကိုခါးမှာချပ်၍ ကောက်ရိပ်ဆင်းဖို့ လာနေကြသည့် လူတစ်စုကို တဲကပြင်ထက်က လှမ်းတွေ့ရလေသည်။
ခမောက်ငယ်ပေါ် အဝတ်စတစ်ခုက ထပ်၍ အုပ်မိုးထားပြီး နေအပူချိန်ကို ကာကွယ်ရန်နှင့် မျက်နှာတို့အား စပါးရွက်မရှမိစေရန်ဖြစ်သည်။
မြေကွက်ရိုင်းမို့ အသားမကျသေးသည့်မြေသားတွေဖြစ်ပေမယ့် မြေဆီဩဇာကြွယ်ဝ၍ ဒီနှစ်အတွက်တော့ စပါးအထွက်နှုန်းက ထင်ထားတာထက် ပိုလောက်သည်။
ထုံးစံတို့ပဲ အထွက်တိုးသည်မဟုတ်။
ရာသီဥတုမှန်မှန်နှင့် စနစ်ကျလာသည့်စိုက်ပျိုးရေးနည်းပညာအသုံးပြုမှုများကြောင့် လယ်သမားတိုင်းက အထွက်တိုးဖို့ မျှော်လင့်နေကြသည်။
တဖြည်းဖြည်းနှင့် နီးကပ်လာသော ကောက်ရိပ်သမများကို စရိပ်ရမည့် လယ်ကွက်အား ညွှန်ပြပြီး ထပ်ဝယ်ထားသည့် နွားတစ်ရှဉ်းအား စားကျက်မြေတွင် အလွတ်ပေးကာ အိမ်သူယောက်ျားရှိရာဆီသို့ ပြန်လာခဲ့သည်။

မပြန်၍တော့ မဖြစ်တော့။
လယ်ယာလုပ်ငန်း‌တွေကြား နှစ်မြှုပ်ကာ
ကောင်ကလေးနှင့်မတွေ့ရတာ အတော်ကြာပြီမို့ သတိတရရှိနေလှပြီ။
ပြောရလျှင် အညီက ဒီနောက်ပိုင်း တကယ့်ကို အိမ်ထောင်ရှင်လေးလိုဖြစ်လာသည်။
အစားအသောက်မှစ အဝတ်ဆင်သည်အဆုံး အရာအားလုံး သူ့လက်နှင့်ပြီးမှ ကျေနပ်တတ်သည်။
ထုံးစံကိုပင် အလုပ်ကြမ်းတွေလုပ်ရသည်မို့ ပင်ပန်းလှသည်ဟုဆိုကာ ထမင်းဟင်းပင်ပေးမချက်စေတော့။
သူကိုယ်တိုင် ချက်ပြီးပြုတ်ပြီး လာပို့တတ်သည်။
‌ဒီရက်‌တွေမှာ‌တော့ ဆန်ကြိတ်စက်အပြင် ပဲခွဲစက်နှင့်ဆီကြိတ်စက်ပါ‌တည်ဆောက်ဖို့ ပြင်နေသည့်အတွက် ကောင်ကလေးမှာ သိပ်ပြီးမအားလပ်။
ကိုယ်တိုင်လည်း ချက်မစားခိုင်းသည့်ကောင်ကလေးက  စက်ရုံအတွက်ငှားထားသည့်နေ့စားအငှားကောင်လေးကို မုန့်ဖိုးပေးပြ အပို့အသယ်လုပ်စေသည်မှာ ၁၀ရက်ကျော်ပင် ရှိလာခဲ့ပြီ။
ဒီနေ့တော့ဖြင့် ကောက်ရိတ်သူတွေလည်းရှိ၊
ကျွဲဝင်နွားဝင်အတွက် စိတ်ပူစရာလည်း မရှိတော့သည်မို့ လွမ်းနေခဲ့ရသည့် ကောင်လေးဆီ အပြေးပြန်ကာ အမောဖြေရပေဦးမည်။

ရိုးရာထုံးစံ(Completed )Where stories live. Discover now