Chapter 2 [Zawgyi]

143 18 1
                                    

Day 01 19:11

စုန့်ရန်ရဲ့ 8012B အပေါ် အမြင်ဟာ အနိမ့်ဆုံးအဆင့်ကို ရောက်ရှိသွားပြီဖြစ်တယ် - ဒီမိသားစုရဲ့ အပင်တွေပျိုးထောင်တဲ့နေရာမှာ ပြီးစလွယ်သဘောထားတာကို သူ လျစ်လျူရှုနိုင်တယ်၊ ဒါပေမယ့် သူတို့ရဲ့ ကလေးကိုပျိုးထောင်တဲ့နည်းလမ်းက ပိုလို့တောင်ပြီးစလွယ်နိုင်နေသေးတယ်။

အခု အချိန်က ည 7 နာရီ၊ အမေရဲ့ အရိပ်အရောင်လဲ မမြင်ရသလို၊ အဖေကလဲ လုပ်ငန်းကိစ္စနဲ့ ကီလိုမီတာ တစ်သောင်းကျော် အဝေးကို လေယာဉ်နဲ့ သွားနေတယ်။ အတူနေပေးတဲ့ ကလေးထိန်းကလဲ သူမရဲ့တာဝန်ကို လျစ်လျူရှုသွားတယ်။ အိမ်ရှေ့တံခါးမှာ ခွင့်တိုင်တဲ့စာတစ်စောင် ရေးညှပ်ထားခဲ့ပြီး တိတ်တိတ်လေးထွက်သွားတယ်၊ စာထဲမှာ ရေးထားတာကလဲ သူမရဲ့နာမည်ရယ် စာလုံး 9 လုံးရယ်သာ ဖြစ်တယ် (ငါ့ဇာတိမှာ ကိစ္စတချို့ ပေါ်လာလို့ ပြန်သွားပြီ - ဟွမ်ကွေ့ဟွား)
[T/N: မြန်မာလိုရေးတော့ 9 လုံးကျော်သွား]

ဒီကလေးလေးက လေးနှစ်သာရှိသေးတယ်။ မူကြိုကျောင်းပြီးတဲ့အခါ၊ ကလေးထိန်း လာကြိုမှာကို သူ ထပ်ပြီးမစောင့်နိုင်တော့ဘူး၊ တစ်ယောက်ထဲ လမ်းပေါ်မှာ အရှေ့သွားလိုက် အနောက်သွားလိုက်နဲ့ နှစ်နာရီလောက် လှည့်ပတ်နေခဲ့တယ် - သူက တစ်နာရီလောက် လမ်းလျှောက်ခဲ့ပြီး၊ အိမ်မွေးတိရစ္ဆာန်လေးတွေ ရောင်းတဲ့ဆိုင်ရှေ့မှာ ငုတ်တုတ်ထိုင်နေခဲ့ကာ golden retriever တစ်ကောင်နဲ့ မှန်အပြင်ကနေ လက်ဖဝါးချင်းရိုက်ပြီး နာရီဝက် ဆော့ခဲ့တယ်။ ပြီးနောက် ရုပ်ရှင်ရုံတစ်ရုံထဲကို ဝင်သွားပြီး ထပ်တလဲလဲပြနေတဲ့ Disney ကာတွန်းရုပ်ရှင် trailer တစ်ခုကို နာရီဝက် ထိုင်ကြည့်ခဲ့တယ်။

သူဟာ အချိန်တွေကုန်အောင် အဲ့ဒီလိုနဲ့ လှည့်လည်နေခဲ့ရတယ်။ သူက လမ်းပေါ်မှာသွားလာနေတဲ့ ကားတွေကို မကြာခဏ ထွက်ကြည့်နေပြီး၊ သူ့ကို လာကြိုပြီး အိမ်ကိုခေါ်သွားပေးမယ့် တစ်ယောက်ယောက်ကို စောင့်မျှော်နေခဲ့တယ်။ ဒါပေမယ့် နေလုံးကြီးက တဖြည်းဖြည်းဝင်သွားပြီး လေတွေလဲ တိုက်လာတယ်၊ လမ်းမီးတွေကလည်း တစ်ခုပြီးတစ်ခု လင်းလာကာ ခြေဖဝါးအောက်ကအရိပ်တွေဟာ တဖြည်းဖြည်းရှည်လာခဲ့တယ်။

Pastel Colours [Myanmar Translation]Where stories live. Discover now