ဆန်းသစ်သော ခရမ်းရောင်စိုစိုအိပ်ရာခင်းစတွေ ဖားဖားလျားလျားဝေဖြာစွာ လှုပ်ရှားလူးလွန့်နေသည့် နှစ်ယောက်အိပ်ကုတင်ကြီးပေါ်မှာ ငြိမ်သက်စွာထိုင်ရင်း ဂုဏ်အတွေးတွေ ဦးတည်ရာမရှိ လွင့်ချင်တိုင်း လွင့်မျောနေမိသည်မှာ အချိန်ဘယ်လောက်များကြာသွားပြီလဲမသိ။
ရုတ်တရက်သတိဝင် လာတော့ ပြတင်းပေါက်ကဖြတ်မြင်နေရတဲ့ အပြင်မြင်ကွင်းက မီးပွင့်လဲ့လဲ့တွေပင်လင်းနေပြီ။
ဟင်...မှောင်လာပြီကို ပြတင်းပေါက်တွေလည်းမပိတ်မိဘူးပဲ....ခြင်တွေတော့ဝင်ကုန်ပါပြီ။
ဂုဏ်ထထိုင်ကာ တိတ်ဆိတ်ငြိမ်သက်နေသောအခန်းထဲ လှည့်ပတ်ကြည့်မိသည်။ဘယ်သူမှမရှိ။အရိပ်အယောင်လည်းမမြင်။
အခန်းထဲမှာ ဂုဏ်တစ်ယောက်ထဲပဲဆိုတော့ သူအခုထိအိမ်ပေါ်မတက်လာသေးဘူးထင်ပါရဲ့..
ညနေပိုင်းပင်ပန်းထားပေမယ့် အိပ်တော့လည်းမပျော်တာမို့ လူက ငြီးစီစီကြီးပါလား....
တစ်ချက်သမ်းဝေလိုက်မိပြီး လက်နှစ်ဖက်နောက်ပစ်ကာ ကုတင်ပေါ်ခပ်ငူငူထိုင်နေမိရာက ပျင်းတိပျင်းရွဲထသည်။
မီးခလုတ်ကိုလက်နဲ့စမ်းအဖွင့်မှာ ဖြာခနဲလင်းလာသောမီးရောင်က နံရံဆေးပြာလဲ့လဲ့ကြောင့်ပို၍ တောက်ပနူးညံ့ကာနေသလိုပါပဲ။
ရေချိုးခန်းကိုဝင်သည်။အေးစိမ့်စိမ့်ရှိလှတာမို့ ရေတော့မချိုးချင်။ညနေပွဲမစခင်ကချိုးပြီးပြီပဲဟာ တစ်နေ့တစ်ခါဆိုတော်ပြီပေါ့.... ကိုယ့်ဆင်ခြေနဲ့ကိုယ် မျက်နှာပဲသစ်ပြီး ခြေလက်ဆေးလိုက်သည်။သွားတိုက်သည်။ဘေစင်ဘေးမှာကပ်ထားသည့် ကြွေခွက်ကလေးထဲ သွားပွတ်တံပန်းရောင်ကလေးကိုပြန်အထည့်မှာ ရှိနှင့်နေပြီးသော အပြာရောင်သွားတိုက်တံကလေးတစ်ချောင်းကိုသတိပြုမိလေသည်။
ဂုဏ်နဲ့ပုံစံအတူတူ။အရောင်ပဲကွဲတာ။
အဲ့ဒါ ဦးခေါင်စောရဲ့ သွားပွတ်တံပေါ့။
နံရံကပ်ဗီရိုကလေးထဲကိုဖွင့်ကြည့်လျင်လည်း တာဝါနှစ်စုံ။မျက်နှာသုတ်ပုဝါအသေးလေးနှစ်ခု။ခေါင်းလျော်ရည်ကအစ အပြာရင့်ရောင်ဘူးကြီးကတစ်ခု.. အစိမ်းရောင် ဂရင်းတီးဘူးကတစ်ခုတွေ့ရလိမ့်မည်။ဆပ်ပြာရည်သာ တစ်မျိုးထဲ။