ပြန်ရှာတွေ့ခဲ့ပြီးမှ လေးကို နောက်တစ်ခေါက် လုံးဝအပျောက်မခံနိုင်လောက်အောင် စွဲလမ်းသွားခဲ့ရတာ။
မျက်နှာပြောင်စွာနဲ့ပဲ ဈေးရောင်းပွဲတော်ကိုသုံးရက်လုံးသွားဖြစ်သည်။
နောက်ဆုံးရက်မှာတော့ ကိုစိုင်းတို့နဲ့လည်းတအားရင်းနှီးနေပြီမို့ တစ်နေ့လုံးနီးပါးဆိုင်မှာပဲအချိန်ကုန်ဖြစ်သွားကာ ကျောင်းလည်းမတက်ဖြစ်။သူငယ်ချင်းတွေကလည်း အံ့ဩမဆုံးနိုင်။
အစက အရင်လိုပေါ့ပေါ့ပဲထင်ပြီး သူတို့ကပါ ရောနှောနောက်ပြောင်နေတတ်ကြသေးပေမယ့် ဆက်က အရမ်းကိုအလေးအနက်အရူးအမူးဖြစ်နေတော့ တအံ့တဩ ရွံ့တွန့်ကုန်ကြတော့သည်။ရေခဲကတော့အဆိုးဆုံး။
" ဘာလဲ မင်းဘက်က ဒါလောက်လိုက်အလျော့ပေးနေတာတောင် .. သူကတင်းမာနေတာပဲ... သူ့ကြည့်တော့ ရုပ်ကလေးချောတာတစ်ခုကလွဲရင် ဘာမှလည်းသိပ်မဟုတ်ပါဘူး .. မင်းနဲ့ဆို အဆင့်ချင်းက အဆတစ်ရာလောက်ကွာနေတာကို.... လုံးဝမကြည်လင်ဘူးကွာ....ဘာအဓိပ္ပာယ်မှမရှိဘူးနော် ဆက်တိုးနောင်..ငါဦးငယ်နဲ့ပြန်တိုင်မှာ.."
လုံးဝကိုကန့်ကွက်တားမြစ်နေတာမို့ ဆက်မှာအဖော်တောင်မခေါ်ရဲပါ။တစ်ယောက်ထဲပဲသွားရသည်။
ဆက်ဘဝမှာ ပထမဦးဆုံးအဖြစ် လူတစ်ယောက်အပေါ် သည်းခိုက်တုန်ယင်အောင်ပင် ကမ်းမမြင်လမ်းမမြင်စွဲလမ်းမြတ်နိုးမိခြင်းမျိုးပါပဲ။
ကိုယ့်ဟာကိုယ်တောင်အံ့ဩယူရတဲ့အထိ... အရင်တုန်းကများ တယောက်ယောက်က ဆက်တိုးနောင်ဟာတချိန်ချိန်မှာ လူတစ်ယောက်ကို ဒီလိုအောက်ကျနောက်ကျခံပြီး ကပ်တွယ်ချစ်မြတ်နိုးမိရလိမ့်မယ်လို့ပြောခဲ့ရင် ဘယ်တော့မှဖြစ်လာနိုင်မှာမဟုတ်ပါဘူးလို့ ရယ်မောပစ်ခဲ့မိမှာပဲ...
ကိုယ့်သူငယ်ချင်းတွေတင်မကပါဘူးနော် ...
ကိုစိုင်းတို့ ကိုဇော်ကြီး တို့အပါအဝင် လေးရဲ့သူငယ်ချင်းတွေတောင် တကယ့်အရူးအမူးအလေးအနက်ဖြစ်နေခဲ့တဲ့ ဆက်ပုံစံကိုကြည့်ပြီး ပြုံးထေ့မနောက်ပြောင်ရက်လောက်အောင် ကရုဏာသက်ခဲ့ကြရတာပါ ...