" ဟ..ဘာတွေလဲ.."
အိမ်ထဲကိုဝင်လာလာချင်း စားပွဲပေါ်ဖရိုဖရဲဖြစ်သလိုပစ်ချထားတဲ့ စက္ကူအိတ်နဲ့ အထဲတဝက်အပြင်တဝက်ထွက်ကျနေတဲ့ ပစ္စည်းတွေကိုကြည့်ပြီး ဇော်ကြီးက တအံ့တသြအာမေဋိတ်ပြုသည်။
'' မင်းတို့ကောင်တွေစည်းမဲ့ကမ်းမဲ့နဲ့ ဒီလိုပဲထားရသလား ... မှန်းစမ်း အင်္ကျီလေးကလှလိုက်တာ ငါနဲ့ဆိုဟပ်နေမှာပဲ..."
" မင်းလိုချင်ယူလိုက်လေ.."
မပေးဘူးဆိုရင် အတင်းတောင်းမှာဖြစ်ပေမယ့် ကြည်ကြည်ဖြူဖြူအေးအေးဆေးဆေးပေးနေတော့ ထပ်မတောင်းပဲ ပြုံးဖြဲဖြဲနဲ့ပြန်ချထားသည်။သူက လိုချင်ရင် တကယ်ပဲပေးပစ်လိုက်မလို့ပါ။မဟုတ်လည်း သူသုံးဖြစ်မယ့်ဟာတွေမှမဟုတ်ပဲ။ဒီလိုပဲ ဟိုချောင်ဒီချောင်ထိုးထားရင်း အလကားပဲဖြစ်သွားတော့မှာ။
" ဟိုကောင် ဘာတွေလုပ်နေတာလဲ.."
မြတ်လေးထင်ဘေးက ထသွားပြီး မီးဖိုချောင်အဝင်ဝမှာ ခါးထောက်ရပ်ပြီးသွားအော်နေပြန်တာမို့ ကိုစိုင်းက..
" ဟင်းတွေဝယ်လာတယ်ကွ... လာကူဦး... ပန်းကန်တွေကမဆေးရသေးဘူး.."
" အဲ့ဒါပဲ စားပြီးသောက်ပြီးရင် ပန်းကန်လေးဘာလေးဆေးကြောသိမ်းဆည်းမယ်မရှိဘူး... ကြွက်ဆေးပေးတာစောင့်နေတဲ့ကောင်တွေ... "
" စကားမများနဲ့... ပြီးရင်မင်းလည်းဝင်စားမှာပဲ...လုပ်...ပန်းကန်တွေဆေးပေး.."
စိုင်းနဲ့ ဇော်ကြီးနှစ်ယောက်သား အပြင်ကဝယ်လာတဲ့ ထမင်းကြော်တွေ နံကင်တွေကို ပန်းကန်တွေထဲဖြည်ထည့်ရင်း တလှုပ်လှုပ်အလုပ်ရှုပ်နေဆဲ ဂစ်တာကောက်ဆွဲကာ လေးဝရန်တာဘက်ထွက်လာတော့ ဇော်ကြီးက ခေါင်းထောင်ကြည့်ပြီး..
" ဟေ့ကောင်...ဒီမှာပြီးတော့မှာ...အရင်လာစားဦး...အလုပ်မဟုတ်တာကိုလုပ်မနေနဲ့.."
" မဆာဘူးကွာ....မင်းတို့ဘာသာပဲစားတော့.."
ဆိုင်က မနက်ဆယ်နာရီစဖွင့်ပြီး ညရှစ်နာရီပိတ်တယ်ဆိုပေမယ့် သိမ်းတာဆည်းတာနဲ့ ဘာညာဆိုတော့ အနည်းဆုံးရှစ်ခွဲ ကိုးမတ်တင်းမှအိမ်ပြန်ရောက်တာပါပဲ... တနေ့လုံးပင်ပန်းလာတာနဲ့ဆိုတော့ ပြန်ရောက်ရင် စားဖို့သောက်ဖို့ဘာမှချက်ပြုတ်ပြင်ဆင်နိုင်တော့တာမဟုတ်ပါ... မနက်ဆိုင်မသွားခင် ထမင်းတစ်လုံးတည်ထားခဲ့ ညကျ တခုခုဝယ်ပြန်လာ... တချို့ရက်တွေ ဝယ်ဖို့မေ့ခဲ့တော့လည်း ဘာမှမစားဖြစ်ပဲအိပ်ရင်အိပ်သွားတာပဲ... ဒီနေ့ကတော့ ညနေထဲက မိုးအရမ်းအုံ့မှိုင်းနေပြီး ဧည့်သည်လည်းသိပ်မလာတာမို့ ဆိုင်ကို စောစောသိမ်းဖြစ်သည်။ဆိုင်ပဲစောစောသိမ်းဖြစ်တာ အိမ်ကိုတော့ စောစောပြန်မရောက်ပါ။မထိုင်ဖြစ်တာကြာနေပြီဖြစ်တဲ့ လက်ဖက်ရည်ဆိုင်ထိုင်ရင်း ကျစိမ့်တစ်ခွက်သောက်လိုက်တော့ လူကအီလည်လည်နဲ့ ဗိုက်မဆာတော့။