ဂုဏ်တို့မိသားစုကို ဟိုးရှေးရှေ့ကပင် သိခဲ့ကြသူတိုင်းက ဂုဏ့် မာမာကို ကံဆိုးတယ် လို့ပြောကြလေသည်။
မာမာ့အခန်းသည်တစ်အိမ်လုံးမှာအကောင်းဆုံးအခန်း။နေရောင်ခြည်ကို ကောင်းကောင်းရသည်။ပြတင်းပေါက်တွေအများကြီးပါလို့ လေကောင်းလေသန့်များများဝင်သလို ရှုကြည့်ချင်စရာမြင်ကွင်းတွေလည်းပေါသည်။
အိမ်ရှိလူတိုင်းသည် မာမာ့ကိုအထူးဂရုပြုချစ်ခင်ကြသည်။နေ့စဉ် နေ့တိုင်းပဲ ဒီကနေ့ မာမာ ဘာစားချင်သလဲ ...ဘာလုပ်ချင်သလဲ...ဘယ်လိုနေသလဲဆိုတာကို မေးမြန်းဖို့ကိုအရေးအကြီးဆုံးအဖြစ် သတ်မှတ်ထားကြတာ။
မနက်စာ ညစာတို့ကို ဂုဏ်တို့လိုထမင်းစားခန်းထိထွက်စားရန်ပင်မလိုပဲ... မာမာ့အခန်းထဲထိပို့ပေးကြသည်။ရေချိုးချင်လျင်ပင် လူသုံးယောက်လောက်ကကူညီကာ ဝိုင်းပြီးရေပတ်တိုက်ပေးကြသည်။အမေစန်းလို ထမင်းဟင်းချက်ဖို့လည်းမလို .... ပါပါ့လိုအလုပ်သွားဖို့လည်းမလို... ကိုကို့လိုကျောင်းတက်ဖို့လည်းမလိုပေ။
ဤကဲ့သို့ စည်းစိမ်အပြည့်နဲ့သက်သာစွာနေရသော မာမာ့ကိုဘာကြောင့်ကံဆိုးတယ်လို့ပြောရသလဲဆိုတာ အဲ့ဒီတုန်းကတော့ ဂုဏ်နားမလည်ချေ။
မာမာဆုံးတော့ ဂုဏ်မူကြိုပင်မတက်ရသေးပါ။
မာမာ့အကြောင်းတွေကိုလည်း ဂုဏ်အများကြီးမမှတ်မိလှပါ။မာမာ့ရုပ်ရည်ဘယ်သို့ရှိသည်ဆိုတာကိုပင် ဓာတ်ပုံတွေကိုပြန်ကြည့်၍သာ ဪ .. ငါ့အမေကဒီလိုကိုး ဟုသိရတာမျိုး။ဂုဏ့်ဘာသာဂုဏ်ဆိုလျင်တော့ ခပ်ရေးရေး ခပ်ဝါးဝါးပင်။
နှစ်အနည်းငယ်စာလောက်ကြွင်းကျန်သော မှတ်ဉာဏ်ကလေးနဲ့ ပုံဖော်ပြရလျင် မာမာသည် အစာရေစာမလုံမလောက်နဲ့ နေပူပြင်းပြင်းအောက်မှာ ချထားခံရသောပန်းပင်က ပန်းကလေးတစ်ပွင့်နဲ့တူတယ်လို့ ဂုဏ်ထင်ပါသည်။ဖြူလျော့လျော့ ပါးလျားလျား.... နွမ်းနယ်နေသည့်ကြားကပင် လှပနေသေးသော ပန်းဖြူပွင့်ကလေးပေါ့။
မာမာက အမြဲလို နေမကောင်းဖြစ်နေတတ်ပါ၏။
မာမာ ပြုံးနေတာကို မြင်ဖူးတယ်လို့ ဂုဏ်မမှတ်မိပါ။ချွဲနွဲ့ချင်စိတ်နဲ့ အနားကိုတိုးကပ်သွားမိရင် ဂုဏ့်ဆံပင်လေးတွေကို ပွတ်သပ်ကာ ဂုဏ့်ကျောပြင်ကို အသာအယာပုတ်ခတ်ကာ ကြင်နာမှုကိုပြတတ်တဲ့ မာမာ့မျက်လုံးတွေထဲမှာ ဘယ်လိုဝမ်းနည်းဆွေးမြေ့ခြင်းတွေ...သောကပူပြင်းခြင်းတွေလောင်မြိုက်နေတတ်ခဲ့သလဲဆိုတာ လေးနှစ်တောင်မပြည့်သေးတဲ့အသက်အရွယ်တုန်းက အသိဉာဏ်ကလေးနဲ့ ဂုဏ်ခန့်မှန်းသိဖို့ မစွမ်းနိုင်ခဲ့ဘူးပဲပေါ့။