ကုတင်ခြေရင်းမှာ ကော်ဇောထူခင်းကာ ချထားသည့် ကတ္တီပါဖုံး ခုံရှည်ကလေးမှာ ထိုင်ပြီး အင်္ကျီအဝတ်အစားလဲဖို့ စဉ်းစားနေပေမယ့် ဂုဏ် ပျင်းရိအချိန်ဆွဲနေကာဘာတစ်ခုမှမလုပ်ဖြစ်သေး။
နည်းနည်းလည်းအိပ်ငိုက်ချင်သလိုရှိနေသည်။
အများကြီးတော့မဟုတ်ပေမယ့် ဖန်ခွက်အရိုးရှည်ရှည် လှလှပပလေးတွေနဲ့ထည့်ထားတဲ့ ဖျော်ရည်နှစ်ခွက်သုံးခွက်လောက်သောက်ခဲ့မိတာကြောင့်လည်း ပါတယ်ထင်ပါရဲ့။
ဒီနေ့ ဦးခေါင်စောနဲ့တူတူ ကုမ္ပဏီဧည့်ခံပွဲတစ်ခုကိုသွားရသည်။
ပန်းရောင်ဖျော့ဖျော့ကလေးသမ်းနေသော ဖန်ခွက်ကလေးကို အမြင်ဆန်းကြယ်လှပနေတာနဲ့ ယူထားလိုက်မိတာ။တစ်ငုံသောက်လိုက်မိကတည်းက အယ်လ်ကိုဟောသေချာပေါက်ပါတယ်ဆိုတာ သိပေမယ့် အနံ့လေးကမွှေးပျံ့တာရယ် သင်းရှချိုခါးသော အရသာလေးကို သဘောကျသွားတာရယ်နဲ့ ဂုဏ်သောက်မိသွားသည်။
ဧည့်ခံပွဲထဲမှာတုန်းကတော့ ဘယ်လိုမှမနေ။အိမ်အပြန်လမ်းတလျောက်မှာ ကားမှန်ကိုချပြီးစီးလာတော့ လေတဖြူးဖြူးတိုက်ကာ နည်းနည်းလေးရီဝေလာသလိုရှိတာ။
အခုတော့ ရီဝေတာထက် စိတ်ထဲမှာ မြူးထူးနေသလိုပါပဲ ... သီချင်းလေးတစ်ပုဒ်လောက် ညည်းချင်သလိုလို ... တယောက်ယောက်ကိုဖက်တွယ်ကာ ငြိမ့်ညောင်းညင်သာစွာ ရွေ့လျားရင်းကခုန်နေချင်သလိုလို ...
ပြီးတော့ဗိုက်လည်းဆာသလိုလို...
ဧည့်ခံပွဲက တည်ခင်းလွှတ်လိုက်တဲ့ စားစရာတွေကတော့ အစုံအလင်နဲ့အလျံပယ်ပါပဲ... အမျိုးအစားစုံလင်လှသဖြင့် ဘာတွေမှန်းတောင် မမှတ်မိတော့။ကုန်းဘောင်ကြီးကြော် ချိုချဉ်ကြော်လိုဟာတွေပါသည်။ပုဇွန်တန်ပူရာလည်းပါရဲ့ ပြောင်းဖူးစေ့လေးတွေနဲ့ဟင်းချိုလည်းပါရဲ့... ပေါက်ဆီအလွတ်လို ဂျုံလုံးချည့်သက်သက်ဟာတွေလည်းပါရဲ့။များလွန်းလို့စုံအောင်တောင်မစားနိုင်ခဲ့ပါ။ပြီးတော့ အကုန်လုံးက ချိုရဲရဲအီလည်လည်တွေနဲ့ချည့်။ဟိုနည်းနည်း ဒီနည်းနည်းပဲစားတာတောင် အီနောက်ပြီး အချိုရည်တွေချည့်သောက်ကာ ရပ်လိုက်ရပေမယ့် ဗိုက်တကယ်ပြည့်သွားတာမဟုတ်။အချိန်နည်းနည်းလေးခြားပြီး အိမ်ပြန်ရောက်လာတော့ တစ်ခါဆာလာရော။