ကားမှန်ကို မိုးစက်တွေလာထိတော့ "ဟော"ခနဲ နှုတ်ကအလန့်တကြားထွက်အောင်ပင် ရေရွတ်လိုက်မိသည်။
မိုးရွာပြီ...
အိမ်ကမထွက်ခင်ထဲက ထင်တော့ထင်သား... ကောင်းကင်ကမည်းနေမှောင်နေ မိုးရိပ်ဆင်နေတာမျိုးတော့မဟုတ်ပေမယ့် နေရောင်လည်းမမြင်ရပဲ တိမ်တွေအပြည့်ဖုံးနေတာ..
မရွာလောက်ပါဘူးလေ လို့ ပေါ့ပေါ့တွေးကာ ထွက်လာခဲ့မိလေသည်။
မနေ့က မမနန္ဒာအမေကြီးကဖုန်းဆက်သည်။နယ်ကနေ သူတို့အမျိုးအဆွေမကင်းသော ကောင်မလေးတွေကျောင်းလာတက်နေကြတာ... ညီအစ်မတွေချည့် သုံးလေးယောက်လောက်မို့ အဆောင်မနေတော့ပဲ အိမ်ငှားနေချင်ကြသည်တဲ့။ကျောင်းနဲ့နီးသော မြို့စွန်ဘက်မှာ ဂုဏ့်အိမ်တစ်လုံးရှိတာ သိထားတာမို့ ငှားနိုင်သလား လွတ်သလားလှမ်းမေးလေသည်။
သူမေးတဲ့အိမ်က အရင်ကတော့အိမ်ငှားရှိသည်။တက္ကသိုလ်က ဆရာနဲ့ဆရာမ စုံတွဲပဲ။နောက်တော့ ဆရာကရာထူးတိုးရကာ တခြားမြို့ပြောင်းရတာမို့ ဆရာမကပါ အပြောင်းအရွှေ့တင်ပြီး လိုက်သွားလေ၏။သူတို့မရှိကတည်းက အိမ်ကိုထပ်မငှားဖြစ်ပါ။ဂုဏ်လည်း အိမ်ငှားရှာဖို့တွေဘာတွေအာရုံရှိတာမဟုတ်။အဲ့ဒီဆရာတို့ကိုတောင် ကိုကိုနဲ့သိလို့ စကားစပ်ရင်းငှားဖြစ်တာ။အခုလည်း သူတို့အိမ်ပြန်အပ်ပြီးတော့ အိမ်ကိုဒီအတိုင်းပဲ သော့ခတ်ပိတ်ထားပါသည်။နှစ်လတစ်ခါ သုံးလတစ်ခါလောက် ဂုဏ်တို့ငှားနေကျ အဖိုးကြီးတစ်ယောက်ကိုလွှတ်ပြီး ခြံရှင်း မြက်ရိတ်တာမျိုးလုပ်ခိုင်းတာလောက်ပဲရှိတာ။
"အိမ်ကလွတ်ပါတယ် အန်တီ... ဘယ်သူမှမရှိပါဘူး... အန်တီ့တူမတွေထားချင်ထားလို့ရပါတယ် အဲ့ဒီဘက်ကရပ်ကွက်လည်းသန့်တယ်.."
" သားအိမ်က တစ်ထပ်လား.."
" နှစ်ထပ်ပါအန်တီ... ရေ မီး ကလည်း အသင့်သုံးရုံပါပဲ... ခြံဝင်းလည်းပါပါတယ်..."
" ဒါဖြင့် အန်တီတခြားမရှာတော့ဘူးကွယ်... မိန်းကလေးတွေနေမှာဆိုတော့ တခြားမိသားစု ရှုပ်ရှုပ်ရှက်ရှက်တွေနဲ့တွဲနေတာမျိုးဖြစ်လို့လည်း အဆင်မပြေဘူးလေ... အိမ်ရှင်ကလည်း ကောင်းဦးမှ... ဂုဏ်နဲ့ဆို ဘာမှပူစရာမလိုတော့ဘူးပေါ့.."