" ဟေ့ကောင်တွေ..အုန်းဂျယ်လီစားရအောင်.."
လူအုပ်ရှုပ်ရှုပ်ကြားထဲ သုံးယောက်တစ်တွဲ နှစ်တန်းဆင့်ကာ လျောက်နေကြရင်းက ဝဏ္ဏဆွဲချလိုက်တဲ့ လမ်းဘေးဘက်ခြမ်းကို အတွဲလိုက်ကြီး ယိမ်းယိုင်ကာ ဗရုတ်သုက္ခနဲ့ ပါသွားကြတာမို့ အော်သံဟစ်သံတွေညံသွားရသည်။
" ခွေးကောင် လုပ်လိုက်ရင်ရှေ့မကြည့်နောက်မကြည့်နဲ့... ငတ်ရမယ်ဆိုဘာမှမမြင်တော့ဘူး.."
ရေခဲက အတွဲလိုက်ကြီးလမ်းဘေးဆင်းသွားတုန်း ခြေခေါက်ပြီးနာသွားတာမို့ စိတ်တိုတိုနဲ့ဆဲသည်။သူ့အပြစ်နဲ့သူမို့ ဝဏ္ဏက ဘာမှပြန်မပြောရဲပဲ ပြုံးဖြဲဖြဲလုပ်နေ၏။
ဆက်ကတော့ ဘယ်သူနင်းလိုက်မှန်းမသိပဲ သဲတွေဖုန်တွေ အစင်းရာထင်သွားရသည့် ဖိနပ်ဖြူဖြူကလေးကို ငုံ့ပြီးစိတ်ပျက်လက်ပျက်ဖုန်ခါနေရသည်။
သွားပါပြီ... အဖြူစွတ်စွတ်လေးမို့ ဝယ်ထားပြီးကတည်းက နှမျောတသစွာတစ်ခါမှကိုထုတ်မစီးဖြစ်သေးတာ.... ဒီနေ့မှ စိတ်ကူးပေါက်ပြီး ပဲများကာချစီးလာမိတာမှားတာပါပဲ...
အစကလည်း သွားဖို့စိတ်ကူးမရှိပါဘူး ... နေ့လယ်ပြန်တက်ရတဲ့တစ်ချိန်ပြီးတော့ ကြားထဲမှာ အတန်းချိန်တစ်ချိန်ကလွတ်နေသည်။ပြီးတော့မှ နောက်ဆုံးချိန်။
ကြားထဲက အားနေတဲ့တစ်နာရီခွဲလောက်ကို ဘာလုပ်ရမှန်းမသိ ပျင်းရိစောင့်ဆိုင်းနေကြဆဲ ဝဏ္ဏက အစဆွဲထုတ်လာတာ။
''ကျောက်တိုင်ကွင်းထဲက ဈေးပွဲတော် သွားကြမလား... မျိုးကြီးတို့လည်းလာမှာတဲ့ ''
ဒါမျိုးဆို ငြင်းမယ့်လူကသိပ်ရှိတာမဟုတ်။ပျင်းကလည်းပျင်းနေချိန်မဟုတ်လား။
'' သွားကြမလား ... ''
'' သွားကြမယ်လေ ... ''
တက်ညီလက်ညီခေါင်းညိတ်ကြပြီး ထွက်လာတော့ ခြောက်ယောက်တောင်။ဆက်ကတော့ အလာကောအပြန်ကော ရေခဲနဲ့ကပ်လိုက်တာမို့ သူသွားမယ်ဆို ပါပြီးသားပဲ။ခြောက်ယောက်သား ရေခဲရဲ့ကားတစ်စီးထဲနဲ့ ကျပ်ညှပ်တိုးသိပ်ကာရောက်လာကြတာ။
ဈေးရောင်းပွဲက ထင်ထားတာထက်လူတွေများနေသည်။ညဘက် စတိတ်ရှိုးပါ ထည့်သွင်းထားတာမို့ ကျိတ်ကျိတ်တိုးလုမတတ်ပါပဲ။ဖုန်းအလှပစ္စည်းဆိုင်တွေ လျပ်စစ်ပစ္စည်းဆိုင်တွေ အထည်ဆိုင်တွေမှာထက် မုန့်ဆိုင်တွေဘက်မှာပိုပြီးလူတိုးနေသည်။