ကားက လမ်းမကျယ်ကနေ ခြံရှိရာဘက်ကိုချိုးကွေ့ဝင်လိုက်သည်။လာမယ်လို့ သူကြိုပြောထားတယ်ထင်ပါရဲ့ ။ခြံတံခါးက အသင့်ပင်ဖွင့်ထားပြီးသား။
ခဏခဏမဟုတ်တဲ့တိုင်အောင် အကြိမ်မနည်းပါးအောင်ရောက်ဖူးပေမယ့် ဒီတစ်ခေါက်လာရတဲ့ခံစားချက်က အရင်နဲ့မတူချေ။ရင်ခုန်သလိုလို ထိတ်လန့်သလိုလို။တစ်မျိုးပါပဲ။
အရင်က ကိုကို့ညီအဖြစ်နဲ့ လာဖူးတာဖြစ်ပြီး အခုကတော့.... သူ့ရဲ့ ပတ်သတ်သူတစုံတယောက် အဖြစ်နဲ့မို့များလား။
မီးရောင်တွေ ထိန်လင်းတောက်ပနေသော အိမ်တံခါးဝတည့်တည့်မှာ ဦးခေါင်စောက ကားကိုရပ်လိုက်သည်။ဂုဏ်က ရင်ခုန်တွေဝေခြင်းဖြင့် လေးဖင့်နေဆဲ သူကခပ်မြန်မြန်ပင် ဆင်းကာ ကားကိုတစ်ပတ်ပတ်လျက် ဂုဏ့်ဘက်ကို လှစ်ခနဲရောက်လာလေသည်။ကားတံခါးကို ဆွဲဖွင့်ကာ အထဲကဂုဏ့်ကိုငုံ့ကြည့်ရင်း။
" ဂုဏ်... ဆင်းလေ..."
ဆင်းမလို့ပြင်နေဆဲမှာပင် အိမ်ထဲမှ စကားသံတွေနဲ့အတူ ရယ်သံတချို့ စီစီညံညံပျံ့လွင့်လာတာကို ကြားလိုက်ရသည်။ထိတ်ခနဲ ရင်ထဲလှိုက်ခုန်သွားရကာ.. အားငယ်သလိုခံစားချက်က ချက်ချင်းဝင်လာရ၏။ဦးခေါင်စောကို ဖျတ်ခနဲမော့ကြည့်လိုက်မိတဲ့ အကြည့်တွေမှာ ဘယ်လိုအဓိပ္ပာယ်တွေများပါသွားသလဲ ကိုယ့်ဘာသာတောင်သတိမထားမိ။
သူ့အရပ်ရှည်ရှည်ကို ခါးတဝက်ကိုင်းလုအောင်ညွှတ်ချိုးကာ ဂုဏ့်ကိုငုံ့ကြည့်နေတဲ့ ဦးခေါင်စောက ချက်ချင်းပဲ မျက်လုံးတွေပါ ရီလဲ့သွားအောင် ပြုံးပစ်လိုက်လေသည်။
ပေါင်ပေါ်မှာတင်ထားတဲ့ လက်တစ်ဖက်ကို ဖြတ်ခနဲဆွဲယူလိုက်ကာ တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ဆွဲခေါ်သွားသော သူ့လက်ဖဝါးတွေကို ဒီတစ်ကြိမ်တော့ ကြည်ကြည်ဖြူဖြူပင်မရုန်းကန်မိချေ။
ကျယ်ပြန့်သော သူ့ပခုံး .. သူ့အရပ်ရှည်ကြီးနောက်မှာ ကိုယ့်ကိုယ်ကိုယ် ပိုမိုသေးငယ်သွားသလို လုံခြုံစွာပုန်းကွယ်နိုင်တာကို ပထမဆုံးအဖြစ် ကျေနပ်မိရင်း သူ့နောက်ကနေ အိမ်ပေါ်ကိုပါလာသည်။
ဟိုးအရင်ထဲက သိတဲ့လူတွေပဲ... ဘာမှမထူးဆန်းဘူး... ဘာမှမပြောင်းလဲဘူး... ဧည့်ခံတဲ့ညနေတုန်းကလည်း တွေ့ကြသေးတာပဲမဟုတ်လား...