Chapter-124

3.2K 420 1
                                    

#Unicode

အခန်း ၁၂၄ - သူတို့က သူ့ကို မိန်းမဖြစ်သူအား ရိုက်နှက်တာကလွဲလို့ မကောင်းတာမှန်သမျှ လုပ်သည့်လူတစ်ဦးအနေဖြင့် စွပ်စွဲပြောဆိုခဲ့ကြတယ် (၁)
စာရေးသူ - Zhái Miāo (宅喵)
ဘာသာပြန်သူ - Miracle_Phyu97 (No Noe)

အလှအပဆေးလုံးသည် ထုတ်လုပ်ဖြန့်ချိခဲ့တာ နှစ်လသာကြာမြင့်သေးသော်လည်း ဝယ်လိုအား မြင့်မားသည်။ ထိုအကြောင်းအရာနှင့်အတူ ဖန့်ကျွင်းရုံ၏လူသိများထင်ရှားမှုကလည်း မြင့်တက်လာခဲ့သည်။ သူမ၏ပရိသတ်အရေအတွက်က တဖြည်းဖြည်းမြင့်တက်လာခဲ့ပြီး တစ်ချို့သောလူတွေက သူမ၏ဝေ့ပေါ်အကောင့်သို့ သူမဘာတင်ထားမလဲဆိုတာကို နေ့စဥ်ဝင်ရောက် စစ်ဆေးလေ့ရှိကြသည်။ တော်သေးတာပေါ့။ ထိုသို့စစ်ဆေးခြင်းက သူတို့အတွက် ကံကောင်းမှုတစ်ခုကို ရရှိပေလိမ့်မည်။

ယန်မိန်ဟွာသည်လည်း ထိုသို့နေ့စဥ်ဝင်ရောက်စစ်ဆေးကြည့်ရှုသူများထဲက တစ်ယောက်အပါအဝင် ဖြစ်သည်။ သူမသည် အလှအပဆေးလုံး၏ သစ္စာရှိပရိသတ်တစ်ဦးဖြစ်ပြီး သူမအနီးပတ်ဝန်းကျင်ကလူများအား အခါအားလျော်စွာ အလှအပဆေးလုံးများကို ဝယ်ယူသုံးစွဲကြည့်ရန် အကြံပေးလေ့ရှိသည်။

သူမက ကျန်းယာ့ကောအကြောင်း အွန်လိုင်းပေါ်မှာ ဖတ်ရှုလိုက်ရချိန်တွင် သူမရဲ့အကျင့်စာရိတ္တစံနှုန်းတွေ လုံးဝပျက်စီးသွားတော့မလို ခံစားလိုက်ရသည်။ ယန်မိန်ဟွာသည် ကျန်းယာ့ကောမှာ လူ့ကျင့်ဝတ်နဲ့သက်ဆိုင်သည့် ပြဿနာအချို့ရှိတယ်လို့ ခံစားမိသောကြောင့် သူမအား မနှစ်သက်ခဲ့ပေ။ ယခုအချိန်မှာ ကျန်းယာ့ကောရဲ့အပြုအမူက တကယ့်ကို လူ့ကျင့်ဝတ်ကို ချိုးဖြတ်သည့်အဆင့်သို့ ရောက်ရှိနေခဲ့ပြီ။

ကျန်းယာ့ကောဟာ လီရှစ်ကျီနှင့်တွဲနေသော်လည်း သမ့်လန်အပေါ် လီရှစ်ကျီ၏ညီမအဖြစ် အခွင့်ကောင်းယူနေတာက မရပ်တန့်သွားခဲ့ပါ။ သမ့်လန်သည် သူမ၏လှည့်စားခြင်းကိုခံရပြီးတော့ ကျန်းယာ့ကောအတွက် ဇိမ်ခံပစ္စည်းအမျိုးစုံနှင့် စားသောက်စရိတ်များကို အကုန်ခံခဲ့သည်။ ကျန်းယာ့ကောသည် သမ့်လန်က သူမကို လက်ဆောင်ပေးထားသော အဝတ်အစားများကို သူမတို့ရှေ့တွင် ဝတ်ဆင်ကာ ဟန်ရေးပြခဲ့သည်။

ကျန်းယာ့ကောဟာ ဒီအရာတွေအားလုံးကို လုပ်ခဲ့တဲ့အခါမျိုးမှာ သူမသည် အပြစ်ရှိတယ်လို့ ခံစားနေရသည့်အသွင် မရှိပါဘူး။ သူမက လီဝမ့်ကျင်းနဲ့ သူမအဒေါ်ကြားကကိစ္စတွေကိုတောင် ကူညီပြီးဖုံးကွယ်ပေးသည့်အတွက် ဒါက အံ့သြစရာတော့ မဟုတ်ပါဘူး။ ဖြစ်နိုင်တာက သူမက သူတို့ကို ထိုသို့အခွင့်အရေးရအောင် စီစဥ်ပေးသူပင် ဖြစ်ကောင်းဖြစ်နိုင်လိမ့်မည်။

ယန်မိန်ဟွာသည် ကျန်းယာ့ကောကို မနှစ်သက်ဘူးဆိုရင်တောင်မှ သူမကို လီရှစ်ကျီကို စက်ဆုပ်ရွံရှာမိမှာ အမှန်ပါပဲ။ မိန်းကလေးတစ်ဦးအနေဖြင့် ဖန့်ကျွင်းရုံ သို့မဟုတ် သမ့်လန်ဖက်ကနေ သဘာဝကျကျ သူတို့က ရပ်တည်ပေးလိမ့်မည်။ အထူးသဖြင့် လီရှစ်ကျီက သမ့်လန်၏ငွေကြေးများကို ကျန်းယာ့ကောကို ထောက်ပံ့ဖို့ အသုံးပြုခဲ့သည့်အတွက် သူမသည် လီရှစ်ကျီ၏အမူအကျင့်များကို လုံးဝမကျော်လွှားပေးနိုင်ခဲ့ပါ။

လီရှစ်ကျီသည် မျက်မမြင်တစ်ဦးလိုဖြစ်နေသည်ဟု သူမတို့အိပ်ဆောင်တစ်ခုလုံးက ခံစားခဲ့ရသည်။ မည်သည့်နည်းနှင့်မဆို ကြည့်ရှုလျှင် သမ့်လန်သည် ကျန်းယာ့ကောထက် ပိုကောင်းမွန်သာလွန်သည်။ သူမသည် ကောင်းမွန်သောမိသားစုမှ မွေးဖွားဆင်းသက်လာသည်။ သူမ၏ရုပ်ရည်အသွင်အပြင်ကလည်း နူးညံ့သိမ်မွေ့ပြီး လူကောင်းတစ်ဦးဖြစ်ပုံရသည်။ မည်သို့ပင်ဆိုစေ ကျန်းယာ့ကောက သူမကို အနိုင်ရရှိခဲ့သည်။ ဖြစ်ကောင်းဖြစ်နိုင်တာက ယောကျာ်းသားများက ယောကျာ်းသားများလိုသာ ဖြစ်ပေမည်။

ယန်မိန်ဟွာသည် လီရှစ်ကျီကို စက်ဆုပ်ရွံရှာလွန်း၍ သူ့အကြောင်းကို အင်တာနက်ပေါ်တွင် ဖြန့်ဝေခဲ့သည်။

ထုံးစံအတိုင်းလိုပင် သူမသည် ဖန့်ကျွင်းရုံ၏ဝေ့ပေါ်ကို ဝင်ကြည့်ရာမှာ သူမသည် အခြားတစ်ယောက်ရေးသားထားသည့် မှတ်ချက်တစ်ခုကို ဖန့်ကျွင်းရုံ လိုက်ခ်ပေးထားတာကို တွေ့လိုက်ရသည်။ သူမမျက်လုံးတွေ မြေကြီးနှင့်ထိသွားတော့မလိုအထိ ပြူးကျယ်သွားခဲ့သည်။ ဖန့်ကျွင်းရုံက ဒီထက်ပိုပြီး လူမဆန်နိုင်မလား။ ထိုသတင်းမှာ ဖော်ပြထားခဲ့သည့်အကြောင်းအရာ မှန်သမျှကို သူမက ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်တာပဲ။

"သူမလက်ချော်သွားတာလည်း ဖြစ်ကောင်းဖြစ်နိုင်တာပဲ။ နောက်အချိန်အနည်းငယ်လောက်မှာဆိုရင် သူမ ဒါကိုဖျက်ပြစ်လိုက်နိုင်တယ်။" လို့ သူမအခန်းဖော်က ပြောလိုက်သည်။

ယန်မိန်ဟွာကလည်း ထိုသို့တွေးမိသောကြောင့် "အင်း နင်ပြောတာ ဖြစ်နိုင်ပါတယ်"လို့ ထောက်ခံလိုက်သည်။

သူမက ထိုစာမျက်နှာကို အသစ်ပြန်လည်စတင်လိုက်ချိန်မှာ ဖန့်ကျွင်းရုံ၏ဝေ့ပေါ်မှာ အဲ့ဒီဆောင်းပါးကို လိုက်ခ်ပေးထားတာတင် မကဘူး။ ပို့စ်အသစ်တစ်ခုကိုပါ တင်ထားတာကို တွေ့လိုက်ရသည်။

ထိုပို့စ်ကိုဖတ်ကြည့်ပြီးသောအခါတွင် ယန်မိန်ဟွာတွင်ရှိနေသော ဒေါသများသည် ချက်ချင်းပင် ပျောက်ကွယ်သွားသည်။ သူမက ကျယ်လောင်စွာ ရယ်မောလိုက်ပြီးသည်နှင့်တပြိုင်နက် စားပွဲခုံကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

"ဘုရားရေ... ငါတော့ ဖန့်ကျွင်းရုံက ဒီလိုမျိုးလုပ်ချလိုက်တယ်ဆိုတာကို မယုံနိုင်ဘူးဟယ်"

ယန်မိန်ဟွာသည် ဖန့်ကျွင်းရုံက တစ်စုံတစ်ခု ပြန်ပြောရန် မျှော်လင့်ထားပေမယ့် ဒီလိုမျိုး လုပ်လိုက်လိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ သူမကို အပြစ်ပြောရန်စောင့်နေသူ ဘယ်လောက်များများ ရှိနေတယ်ဆိုတာကို သူမက မေ့လျော့ထားတာလား ဒါမှမဟုတ် ဘယ်လောက်များများ ပြောနိုင်မလဲဆိုတာကို ကြည့်နေတာလား။ ဒါပေမယ့်လည်း ဖန့်ကျွင်းရုံက ထိုအကြောင်းအတွက် သူမရဲ့ကိုယ်ပိုင်ထုတ်ကုန်ကို ကြော်ငြာခြင်းဖြင့်  ဖန့်ကျွင်းရုံက သူမ၏စိတ်အခြေအနေကောင်းမွန်နေကြောင်းကို ပြသခဲ့သည်။

သို့တိုင်အောင် အဘယ်ကြောင့် ဤမျှကျေနပ်စရာကောင်းနေရပါသနည်း။

ယန်မိန်ဟွာသည် အလှအပဆေးလုံးကြောင့်သာ ဖန့်ကျွင်းရုံ၏ပရိသတ်ဖြစ်လာခဲ့ပေမယ့် အခုတော့ သူမသည် ထိုအမျိုးသမီးစီအီးအိုအား စတင်ကြိုက်နှစ်သက်လာမိသည်။

အခြားသူများကလည်း ယန်မိန်ဟွာနှင့် တူညီသောအတွေးများ ရှိခဲ့သည်။ မည်သို့ပင်ဆိုစေ လူတိုင်းသည် ဖန့်ကျွင်းရုံဖက်က ရပ်တည်နေကြတာ မဟုတ်ပေ။ သူတို့နှင့်မတူညီသောအမြင်ဖြင့် ကြည့်နေကြသောသူအချို့လည်း ရှိပေသည်။

ဥပမာအားဖြင့် ထိုလူအချို့သည် လီရှစ်ကျီဖက်၌ ရပ်တည်ကြသည်။ သူတို့သည် သူက ကလေးတစ်ယောက်သာဖြစ်ပြီး ဘယ်မိဘကမှ သူတို့ကလေးတွေကို ဒီလိုမဆက်ဆံသင့်ဘူးလို့ ထင်မြင်ယူဆကြသည်။ သူတို့က သူ့ကိုမေတ္တာဖြင့်ဖေးမကာ လမ်းမှန်ပေါ်သို့ ပြန်တင်ပေးသင့်တယ်လို့ ထင်မြင်ပြောဆိုကြသည်။

အခြားသူများက လီရှစ်ကျီ ဒီလိုပြုမူတာဟာ သူ့မိဘများကြောင့်ဖြစ်သည်ဟု ယုံကြည်ခဲ့ကြသည်။ သူတို့က ကောင်းမွန်စွာ ပြုစုပျိုးထောင်ခဲ့တာ မဟုတ်သည့်အတွက် သူတို့သားက သူတို့ကို ဒီလိုဆက်ဆံတာကို ခံရတာနဲ့ထိုက်တန်တယ်လို့ ထင်ကြသည်။

မတူညီသောရှုထောင့်များက အမြင်များဖြင့် ဆွေးနွေးမှုများနှင့် အငြင်းပွားမှုများဟာ ပဋိပက္ခများကိုဖြစ်ပေါ်စေခဲ့ပြီး အကြောင်းအရာမျာ၏ထင်ပေါ်ကျော်ကြားမှုဟာ မြင့်တက်လာသည်။ ဒီအခမဲ့ကြော်ငြာခြင်းမှတဖန် ဖန့်ကျွင်းရုံ၏ကုမ္ပဏီဟာ ပို၍လူသိများထင်ရှားလာပြန်သည်။ ကုမ္ပဏီ၏တရားဝင်ဝက်ဘ်ဆိုက်မှာ ပရိသတ်များ သိန်းနှင့်ချီ တိုးလာသည်။ သူတို့အားလုံးဟာ ဝယ်ယူထားသောအကောင့်များမဟုတ်ပဲ တကယ့်ပရိသတ်များဖြစ်သည်။

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (MM TRANSLATION)Where stories live. Discover now