"အောက် အီးအီးးအွတ်"
"ဒေါင် ဒေါင် ဒေါင် ဒေါင် ဒေါင်"
လင်းကြက်တွန်သံနှင့်တပြိုင်နက်ရွာဦးဘုန်းကြီးကျောင်းမှအုန်းမောင်းသံကိုပါတစ်ဆက်ထဲကြားလိုက်ရသည်မို့ ယိမ်းမျက်လုံးများအလိုလိုပွင့်လာကြသည်။အိပ်ယာဘေးရှိနာရီလေးကိုကြည့်လိုက်တော့အချိန်က5:00အတိ။ ပြတင်းတံခါးကိုဖွင့်လိုက်တော့အရှေ့အရပ်မှထွက်ခါစရောင်နီအလင်းတန်းတို့ကသာယာတဲ့မနက်ခင်းနဲ့အပြိုင်လှပနေကြသည်။စောသေးတဲ့အချိန်ဖြစ်ပေမဲ့လူတိုင်းလိုလို အလုပ်ကိုယ်စီလုပ်ဖို့အစပြုနေကြပြီ ကျေးငှက်သာရကတို့ကလဲလူတို့၏သွားသံ လာသံ စကားသံတို့နှင့်အတူသက်ဝင်လှုပ်ရှားကာမနက်ခင်းကျက်သရေကိုဖော်ဆောင်နေကြပြန်သည်။
"အာ....စိတ်ချမ်းသာလိုက်တာ"
ယိမ်း ရင်ထဲမှစကားသံတို့ကိုမြိုသိပ်မထားတော့ပဲထုတ်ဖော်ပြောပစ်လိုက်မိသည်။အရမ်းချစ်စရာကောင်းတဲ့ရွာလေးကနေဘယ်ကိုမှထွက်ခွာမသွားနိုင်တာဒါတွေကြောင့်ပါပဲ ဒီရွာလေးကို ယိမ်းသိပ်ချစ်ပါသည်။ အမေကယိမ်းကိုမန္တလေးမှာမွေးခဲ့တာဆိုပေမဲ့ ဒီရွာလေးမှာပဲကြီးပြင်းခဲ့ရတာမဟုတ်လား ယိမ်းရဲ့အမေဖြစ်သူဒေါ်ခင်နှင်းဆီကမန္တလေးသူဖြစ်ပြီး တစ်ချိန်ကနာမည်ကြီးအငြိမ့်မင်းသမီးတစ်ဦးဖြစ်သည်။ အဘကတော့ဒီရွာသားစစ်စစ်ဖြစ်ပြီး အမေ"က"တဲ့ပွဲကိုလာကြည့်ရာမှနှစ်ယောက်အကြောင်းပါကာ အဘမွေးရပ်မြေဖြစ်သည့်"ပန်းမြိုင်လယ်"ရွာလေးတွင်အခြေချခဲ့ခြင်းဖြစ်၏။
ယိမ်းကိုမမွေးခင်အထိ အမေကအငြိမ့်ကတုန်းလို့ဘွားဘွားကအမြဲပြောဖူးသည်။ ယိမ်းကိုမွေးတော့လဲသားဦးဖြစ်တာကြောင့်မန္တလေးမှာမွေးခဲ့ပြီးအားလုံးကမိန်းကလေးထင်နေခဲ့ကြ၏ တကယ်တမ်း ယောက်ျားလေးမွေးတော့ အဘဆိုပျော်လွန်းလို့ထတောင်ကတယ်ဆိုပဲ အမေကတော့ဘယ်လောက်အနုပညာကိုချစ်လဲမမေးလေနှင့် သား ယောက်ျားလေးတစ်ယောက်ဖြစ်နေပေမဲ့ ယိမ်းနာမည်ကို "ယိမ်းပင်ယံ"ဆိုပြီးနုနုယွယွလေးပေးထားတာသာကြည့်။ ယိမ်းကိုယ်တိုင်ကလဲနာမည်စီးသွားတာကတစ်ကြောင်းအမေတို့မျိုးရိုးဘက်သွားတူလွန်းတာကတစ်ကြောင်း မိန်းကလေးဆန်ဆန်နဲ့ကြည့်ကောင်းတဲ့အထဲပါသည် အသားအရည်ကအစ အဘလိုမညိုပဲအမေ့လိုဖြူနုနေ၏ ဖြူတယ်ဆိုတာထက်ကြည်စင်နေတဲ့ဘက်ကိုသွားတာကြောင့်မိန်းကလေးနဲ့ပိုတူနေသည်။ ယိမ်းထက်ငါးနှစ်ငယ်တဲ့ညီမလေးကတော့ယိမ်းလိုမဟုတ် အဘနဲ့ပိုတူပြီးယဥ်ယဥ်လေးလှသည့်ညိုချောလေးဖြစ်သည်။ယိမ်းတို့ငယ်ငယ်ကဆိုလူတိုင်းက "နင်တို့မောင်နှမကတစ်ယောက်နဲ့တစ်ယောက်တူလဲမတူဘူး အကြီးကောင်လေးကမိန်းမလေးဖြစ်ပြီးအငယ်မဂျမ်းတောမကယောက်ျားလေးဖြစ်ရမှာ"ဆိုပြီးအမြဲပြောခံရတယ် သိတတ်တဲ့အရွယ်ရောက်တော့ ဒေါသအိုးညီမလေးကစိတ်ဆိုးတာပေါ့ သူ့ကိုဂျမ်းတောမလို့ပြောရမလားဆိုပြီးအော်အော်ငိုတာ နောက်တော့အမေက"သမီးအဲ့လိုအော်ငိုရင်ပိုပြီးဂျမ်းတောမဖြစ်လိမ့်မယ်"လို့ပြောလိုက်မှတိတ်တော့တယ် လူတွေကလဲလူတွေပါပဲအခုညီမလေးကအပျိုလေးဖြစ်လာပြီးရွာရဲ့ကွမ်းတောင်ကိုင်ဖြစ်လာတဲ့အထိတောင် ယိမ်းနဲ့ယှဥ်ယှဥ်ပြီးပြောတုန်း ယိမ်းကတော့လုံးဝမကြိုက်တာအမှန်။ လှတယ်ဆိုတာမိန်းကလေးတွေကိုသုံးတဲ့စကားလေ ဘာလို့ယိမ်းကိုအဲ့လိုတွေလာပြောကြမှန်းမသိ ကျောင်းတက်တုန်းကဆိုရင်ယိမ်းရဲ့လွယ်အိတ်ထဲမှာရည်းစားစာတွေဘယ်နေရာနှိုက်နှိုက် အမြဲထွက်လာနေကျ ပေးတဲ့သူကမိန်းကလေးတင်မက ယောက်ျားလေးတွေပါ ပါနေတာမို့ရှက်လွန်းလို့ကျောင်းမသွားရဲတဲ့နေ့တွေတောင်ရှိခဲ့ဖူးသည်။ ဆေးကျောင်းမှာလဲထိုနည်းတူပါပဲ အစ်ကိုခန့်နောင်ကယိမ်းနောက်ကနေအမြဲကာကွယ်ပေးခဲ့လို့သာတော်တော့၏အစ်ကိုခန့်နောင်ကယိမ်းထက်2နှစ်ကြီးသောစီနီယာအစ်ကိုဖြစ်သည် မန္တလေးမှာတုန်းကဆိုအစစအရာရာသူပဲကူညီပေးပြီးယိမ်းကိုလဲသိပ်ကိုခင်တွယ်ပါသည်။အခုကျောင်းပြီးတော့လဲ ယိမ်းနေတဲ့ရွာအထိမရ ရအောင်စာတင်ပြီးတာဝန်ကျနေတာသာကြည့်။