ကောက်ရိုးလှည်းအား မမောင်းတတ်မောင်းတတ်နှင့် ခြံထဲဒယိမ်းဒယိုင်မောင်းဝင်လာသည့်ကောင်ကြောင့် ဦးဘမြိုင် ရင်တမမဖြစ်နေရသည်။ဟိုရက်ကပဲသူလှည်းနဲ့ဝင်တိုက်လို့ အိမ်ခြံစည်းရိုးကျိုးပြီးပြီ။အသစ်လဲထားတာတောင်မကြာသေးပဲ ဒီကောင်ထပ်ဖျက်စီးဖို့လုပ်နေပြန်ပြီလား။
"ဟေ့ကောင်!!မင်းကောက်ရိုးတွေဘယ်လိုလုပ်တင်လာတာလဲကွ!နောက်ထပ်ငါ့ခြံစည်းကိုချိုးပစ်အုံးမလို့လား"
"ဦးလေးကလဲ နွားလှည်းမောင်းရတာ ကားမောင်းတာထက်ပိုခက်တယ်ဗျ ဒီကောင်ကြီးတွေကပေကပ်ကပ်နဲ့"
နိုင်းကပြောလဲပြော လက်ထဲကကြိမ်တုတ်အသေးလေးဖြင့် အရှေ့ကနွားတစ်ကောင်အားခပ်ဖွဖွထိရင်းမေးငေါ့ပြလိုက်၏။
"ဟာ!ဟာ!ဟေ့ကောင် ငါ့သားကိုမရိုက်နဲ့လေ ပါးစပ်ကပြောရင်တော်ရောပေါ့ ငါတောင်ငါ့သားကြီးငနီကိုတစ်ခါမှကြိမ်နဲ့မတို့ဖူးဘူးကွ"
သူကြီးကထိပ်ထိပ်ပြာပြာနဲ့အိမ်ပေါ်ကလှမ်းအော်တော့သည်။နိုင်းလဲ ဒေါပွနေသည့်ယောက္ခထီးကိုလျစ်လျူရှုကာ လှည်းပေါ်ကကောက်ရိုးစည်းများကိုနွားစာအင်တုံထဲထည့်ကာ နွားများအားသေချာကြိုးချည်ရသည်။ခဏလောက်နေရင် ရောင်ဝါတို့ကစိုက်ခင်းမှပြန်လာကြလိမ့်မည်။စိုက်ခင်းမှာ မြေပဲစတင်နှုတ်နေပြီမို့အမြဲလူမပြတ်ရှိနေကြရသည်။ဆယ်ဧကကျော်လောက်ရှိမည့်အခင်းတွင် ရွာထဲကစိုက်ခင်းနေ့စားသမားများလာရောက်ကူညီပြီးနှုတ်လျှင်တောင်အလွန်ဆုံး လေးငါးရက်အထိနှုတ်ရ၏။ရောင်ဝါနဲ့ညီညီတို့ဆိုမနက်ကတည်းကစိုက်ခင်းမှာ မြေပဲအထွက်စာရင်းအတွက်အလုပ်ရှုပ်နေကြပြီး ခင်ပျိုဖြူနှင့်အမေကတော့နေ့စားအလုပ်သမားတို့အတွက်ချက်ကြပြုတ်ကြဖြင့်မအားလပ်နိုင်ကြပေ။လွင်ဦးကလဲအမြဲခင်ပျိုဖြူတို့စိုက်ခင်းမှာပဲကူညီလုပ်ကိုင်ပေးသည်။သီးနှံပေါ်ချိန်မို့တစ်ရွာလုံးလိုလိုအလုပ်ရှုပ်ရသည်ရာသီဖြစ်၏။သို့ပေမဲ့ပင်ပန်းတာထက်ပိုပြီးပျော်စရာပင်ကောင်းနေသေး၏။အလိမ်အညာတွေ,တစ်နှပ်စားဥာဏ်တွေနဲ့အလုပ်လုပ်ကြရသည့်မြို့ကြီးပြကြီးထက်စာလျှင် အခုလိုအပြောင်းအလဲလေးကနိုင်းအတွက်စိတ်အပန်းတောင်ပြေစေသေးသည်။ယိမ်းကလဲရွာဆေးခန်းထပ်တိုးချဲ့ဖို့မန္တလေးဆေးရုံကြီး မှ စာကျလာသဖြင့်အချိန်တိုင်းလိုလိုဆေးခန်းမှာသာရှိနေတတ်ပြီးတစ်ခါတစ်လေပိတ်ရက်တောင်အိမ်မှာနားမနေရပေ။နိုင်းကိုယ်တိုင်လဲ ညီညီထိန်းကျောင်းနေကျ နွားသုံးကောင်၏တာဝန်ကိုယူရပြီး တစ်ဖက်ရွာအထိကောက်ရိုးများခေါက်တုန့်ခေါက်ပြန်သယ်နေရတာ အခုနောက်ဆုံးအခေါက်ဖြစ်သည်။အိမ်မှာအားလုံးက ကိုယ့်အလုပ်နဲ့ကိုယ်မအားနိုင်ပေမဲ့ ဆေးတံကြီးဖွာကာ ရေနွေးကြမ်းလေးသောက်လိုက်,လက်ဖက်လေးစားလိုက်,ကွမ်းလေးဝါးလိုက်လုပ်နေသည့်တစ်ရွာလုံးကရိုသေလေးစားအားကျရသော နိုင်းရဲ့ချစ်ယောက္ခထီးကြီး ဦးဘမြိုင်သည် အခုလဲသူ၏အသစ်မွေးမြူထားသည့် တိုက်ကြက်ဖကြီးတစ်ကောင်နှင့်ချစ်ကြည်နူး တစ်တီတူးနေလေသည်။