နှဖူးမှစီးကျလာသောချွေးစက်တို့သည် လည်တိုင်မှတစ်ဆင့်ဝတ်ထားသောနီညိုရောင်အင်္ကျီလေးတွင်ကပ်ငြိကုန်၏။တစ်စုံတစ်ရာပြောထွက်ဖို့အတွက်နှုတ်ခမ်းလွှာတို့အာစေးမိသလိုထုတ်ပြောဖို့အတော်လေးအရှိန်ယူရသည်။ငယ်စဥ်ကတည်းကစိတ်လှုပ်ရှားလွန်းလျှင်ဘာစကားမှမပြောနိုင်လောက်အောင်ငြိမ်သက်နေတတ်တာ ယိမ်းရဲ့ပြင်မရတဲ့အကျင့်ဆိုးတစ်ခုပဲမလား။
"သား! အမေ့သားကိုအမေကယုံတယ်နော်...သားကပဲသေချာအမှန်အတိုင်းလေးပြောပြပေး"
ယိမ်း မဝံ့မရဲအမေ့မျက်နှာကိုမော့ကြည့်မိသည်။မာန်မာနနဲ့ဒေါသအရိပ်အယောင်မရှိပဲပကတိကြည်လင်လျက်။ယိမ်းလက်ဖဝါးတစ်ဖက်အားခပ်ဖွဖွဆုပ်ကိုင်ရင်း နွေးနွေးလေးပြုံးပြလာသည်။ဒီလောက်ဆိုယိမ်းလဲ ကိုယ့်ကိုကိုယ်ယုံကြည်ဖို့လုံလောက်နေပြီမို့
"အမေ! တကယ်လို့များသားရဲ့အဖြေကအမေနဲ့အဘအတွက်ရှက်စရာဖြစ်နေခဲ့ရင် သားတောင်းပန်ပါတယ်နော် နိုင်းကသားရဲ့ချစ်သူပါ"
တိုးဖွဖွဆိုလာတဲ့စကားသံအဆုံးမျက်နှာလေးညှိုးစွာခေါင်းငုံ့သွားသည့်သားဖြစ်သူအား
ဒေါ်ခင်နှင်းဆီ ပြုံးရုံသာပြုံးပြနိုင်ခဲ့သည်။သူမကိုယ်တိုင်ကလဲ သားရဲ့အဖြေဟာဘယ်လိုအခြေအနေပဲဖြစ်ပါစေမိခင်တစ်ယောက်အနေနဲ့ကိုယ့်သွေးသားဘက်ကသာရပ်တည်ပေးမဲ့လူမျိုးဖြစ်၏။ကိုယ့်အတ္တတစ်ခုထဲအတွက် သားရဲ့ဖြစ်တည်မှုကိုအတင်းပြောင်းလဲယူဖို့စိတ်ကူးမရှိသလို သားရဲ့ပျော်ရွှင်မှုကိုအဟန့်အတားဖြစ်စေမည့်မိဘမျိုးလဲအဖြစ်မခံနိုင်။သားနဲ့ထိုကောင်လေးအကြောင်းကိုသိသင့်သလောက်သိထားပေမဲ့သားရဲ့အတည်ပြုမှုမျိုးလိုအပ်လို့သာမေးရခြင်းဖြစ်၏။ကိုယ့်ရွာမှာနေပြီးကိုယ့်သားဖြစ်သူနဲ့မေတ္တာမျှနေတာကိုမသိလောက်တဲ့အထိသူမတို့ညံ့ဖျင်းမနေခဲ့ပါ။အထူးသဖြင့်သားရဲ့အဖေကသူ့သားကိုအမြဲအရိပ်တကြည့်ကြည့်နဲ့စောင့်ကြည့်နေတတ်တဲ့သူမျိုးဖြစ်နေတာကြောင့်။"သား..အမေ့ကိုကြည့်ပါအုံး"
မေးစေ့ကိုမော့စေ၍ဆိုလာသောစကားကြောင့် ယိမ်းအမေ့မျက်နှာကိုမော့ကြည့်ရသည်။ဘယ်လိုအပြောင်းအလဲမှမရှိသလိုစိတ်ဆိုးယောင်လဲမပြ။ထုံးစံအတိုင်း သားသမီးအပေါ်ချစ်ခင်မြဲရှိသည့်မိခင်တို့အတိုင်းမေတ္တာမျက်ဝန်းတို့ဖြင့်သာကြည့်လာသည်။အမေက ယိမ်းကိုတကယ်ပဲစိတ်မဆိုးဘူးပဲ။