အခန်း၁၁(Unicode+Zawgyi)

110 7 0
                                    

Unicode

ဆောင်းမင်းညကိုငဲ့ကြည့်နေသော နေဝန်းနီ၏ မျက်ဝန်းများက စိုးရိမ်မှုများစွာဖြင့်... ။ဒီလူသားကို ဆောင်းမင်းညလိုတာ လိုတာထက်ပိုပြီး လောဘတက်မိတော့ပေမည်။

"ခုဏက ကိုယ်ဆောင်းမေမေနဲ့ဆောင်းစကားပြောနေတာကို ကြားလိုက်တယ်။ ဆောင်းစိတ်တွေအရမ်းမပူပါနဲ့နော်။အန်တီကိစ္စတစ်ခုခုရှိလို့ ဖုန်းချသွားတာဖြစ်ပါလိမ့်မယ်''

''ဟင့်အင်း...အဲ့လိုမဟုတ်ဘူး နေဝန်း။မေမေကလေ ငါ့ကိုတောင်မပြောပြနိုင်လောက်တဲ့အထိ ဘာကိစ္စတွေလုပ်နေလဲမသိဘူး။သူအရမ်းစိတ်ထိခိုက်နေတာကို ငါသိတယ်။ဒါပေမယ့်...ငါသူ့ကိုမဖေးမပေးနိုင်ဘူး။ငါက တကယ်သားမိုက်ပဲ''

''ဆောင်းရယ်...''

ထပ်မံထွေးပွေ့လာပါသော နေဝန်းနီ၏ ရင်ခွင်က ဆောင်းမင်းညအတွက်အလွန့်အလွန်နွေးထွေးလွန်းလှသည်။သို့ပေမယ့်လည်း ဆောင်းမင်းညစိတ်ထဲရင်ထဲမှ စိုးရိမ်ပူပန်မှုတို့ကိုတော့ဖြင့် ပပျောက်အောင်အရမ်းမစွမ်းဆောင်နိုင်ပါချေ။

" နေဝန်း...မေမေလေ ငါ့ကိုဘာတွေဖုံးကွယ်ထားတာလည်း မသိဘူး။အဲ့ဒီကို သွားနေတာ လချီနေပြီ...ဖေဖေ့အကြောင်းလည်းမပြောဘူး။''

နေဝန်းနီက ဆောင်းမင်းညဆံပင်တို့ကို ခပ်ဖွဖွသပ်တင်လိုက်ပါသည်။ဆောင်းရဲ့မျက်နှာလေးက တစ်ခဏတာအတွင်းချောင်ကျသွားသည်ဟုပင် သူထင်လိုက်မိသည်။ချစ်ရသူ၏ သောကများကလည်း သူ့ရင်အားပူလောင်စေသည်။သူ့အပူတွေကိုမကြည့်ရက်။မိခင်အပေါ်စိုးရိမ်စိတ်ကို သူလည်းသားတစ်ယောက်ပေမို့ နားလည်သည်။

"ကိုယ့်အမေတို့ဆီသွားပြီး ထပ်ဆက်ခိုင်းလိုက်မယ်လေ''

ဆောင်းမင်းညက နေဝန်းရောင်နီအား တစ်ချက်ကြည့်လိုက်ပြီး...

"အန်တီတို့အိပ်နေလောက်ပြီ မဟုတ်လားကွာ...''

" လာပါ...ဆောင်းရယ်''

ဆောင်းလက်ကိုဆွဲပြီး နေဝန်းအောက်ထပ်သို့ဆင်းသွားလိုက်သည်။သူဆုပ်ကိုင်ထားသည့် ဆောင်းရဲ့လက်ဖျားတွေက အေးစက်နေပြီး အနည်းငယ်တုန်ယင်နေတာကိုတောင် ခံစားနေရသည်။ညအမှောင်ထဲမှာ မီးမထွန်းထားသဖြင့် လှေကားကနေအိမ်အောက်ထပ်ကိုဆင်းရတာ စမ်းတဝါးဝါး။သို့ပေမယ့်လည်း ဇောအရှိန်ကြောင့် ခပ်မြန်မြန်ရောက်သွားသည်။အောက်ထပ်မှာအကုန်တိတ်ဆိတ်နေပြီး အဖေနဲ့အမေရဲ့အခန်းမှာလည်း မီးမှိတ်ထားပြီဖြစ်သည်။

YOU,My Sun,My LoveWhere stories live. Discover now