အို မေရယ် ကျောခိုင်းစို့ပစ္စ န္တရစ် အရပ်နှင့် ထပ်တူ
လောဘတရား ကြီးစိုးရာ
တို့မြေဟာ ခြောက်သွေ့ဆဲ
ဘဝအဖော်မွန် လောကသစ္စာ
ဆိတ်သုဉ်းနေသရွေ့တော့ တွေးမြင်ထား ...
လာ လာလေ ... သွားကြစို့
မောင့်ရဲ့မေ လိုက်ခဲ့တော့လေ
ကြည့်လိုက်ကွဲ့ ဟိုးအဝေးမှာ
အရှေ့ရောင်နီ စိမ်းလန်းခြင်း
တစ်ပွင့်ကြွေရာ အစားထိုးခဲ့တဲ့
ပတ္တမြားအဆင် ပန်းတို့ ပွင့်နေမြဲ
အို ... သွားကြစို့လေ
လောကအတွက် မရှိမဖြစ်ရာ
မွှေးပျံ့တဲ့ ပန်းသစ္စာ
ဖူးပွင့်တဲ့ တောတန်းဆီ
တို့ တူညီ လှမ်းကြမယ်လေ
~~~~~
ကောင်းကင်မှာ လမင်းက ထိန်နေသည်။ တံတားက အုတ်ခုံမှာ ဂစ်တာတစ်လက်နဲ့ လူငယ်နှစ်ယောက်။ ချိုချိုအေးအေး သီချင်းသံ တိုးသဲ့သဲ့က ပျံ့လွင့်နေလျက်။ လက်ခံထားသည့် ချုပ်ထည် အင်္ကျီကို အလှကြယ်သီး တပ်နေရာမှ တေးသံသာအား နားဆင်ရင်း မေရီလင်းရဲ့ မျက်နှာမှာ ယဉ်စစ အပြုံးတစ်ပွင့်က ချီလေပြီ။ အဆိုတော် စံလင်း၏ သီချင်းအား ပြန်လည် သီဆိုနေသော အသံပိုင်ရှင်မှာ လွန်စွာ ငြိမ့်ညောင်းလှသည်။
နောက်ဆုံးကြယ်သီးကို တပ်ပြီးချိန်မှာပဲ အိမ်ရှေ့ပေါက်ဝမှာ ငုတ်တုတ်ထိုင်ကာ အပြင်ကို ပေစောင်းစောင်း ကြည့်နေသည့် ပိုင်ပိုင်က တိုင်မှာ ချိတ်ထားသည့် လွယ်အိတ်ဆီ လျှောက်၏။ အလျင်လိုမှု မရှိသော ပိုင်ပိုင့်ရဲ့ ပုံစံက အေးအေးလူလူဆိုပေမဲ့ တစ်ခုခု ဖြစ်တော့မှာကို ဖြတ်သန်းခဲ့သည့် သက်တမ်း အတွေ့အကြုံအရ သိနေပြီဖြစ်သည်။ မေရီလင်းရဲ့ စူးစမ်းသော မျက်ဝန်းတစ်စုံက မောင်ဖြစ်သူ ပိုင်ပိုင့်ဆီ ရောက်ရှိသွားသည်။ သီချင်းသံက တိုးငြိမ့်နေဆဲ။
" ပိုင်ပိုင် ကျောက်စရစ်ခဲတွေ ဘာလုပ်ဖို့လဲ "
" ဘာလုပ်ရမှာလဲ။ မမကို လာပိုးတဲ့ ကောင်ကို သမဖို့ပေါ့ "