" ဟာ .. ဒီကြွက်စုတ်ကွာ ! ငါ လုပ်ရင် နာတော့မယ် "ခြံစပ်က ထွက်လာသည့် အသံကြောင့် ပိုင်ပိုင့် ခြေလှမ်းတွေ တုံ့သွား၏။ မျက်လုံးကလည်း စူးခနဲ ရောက်သွားလေပြီ။ တုတ်တစ်ချောင်း ကိုင်ပြီး ကုန်းကုန်းကွကွ လုပ်နေသည်က တခြားသူ မဟုတ်။ ဒီမဟာပထဝီ မြေကြီးပေါ်မှာ ပိုင်ပိုင် ကြည့်မရဆုံးသော မြို့သား ဖြစ်နေ၏။
" ဒီကြွက်စုတ်တော့ ငါ့လက်ထဲ မိလို့ကတော့ အသံထွက်အောင် နာနာလေးကို ရိုက်ပစ်ဦးမယ်။ တွေ့မယ် မင်း .. ငါနဲ့ တွေ့ကြသေးတာပေါ့ "
ကြိမ်းမောင်းသံက ထပ်ပြီး ထွက်လာပြန်သည်။ တုတ်တစ်ချောင်းနဲ့လည်း ဟိုဟိုဒီဒီ ထိုးနှောက်မွှေရင်း ရှာဖွေနေဟန် ပြသည်။ ခြံထောင့်မှာ စိမ်းစိမ်းရွှင်ရွှင် အပင်တချို့က ကျိုးတိုးကျဲတဲ ပေါက်နေသည်။
ပိုင်ပိုင်က ကြာသပတေးသား ဖြစ်သည်။ ဒါကို သိသည့် မြို့သားက ကြွက်ကို ပြောသလိုလိုနဲ့ သူ့ကို တမင် စောင်းမြောင်းနေခြင်းသာ။ ပိုင်ပိုင် ခြံစပ်ကို တိုးလျှောက်လိုက်သည်။ မျက်နှာမှာ မှုန်ကုပ်နေပြီ။
" ဟေ့ကောင် မြို့သား ! "
" ဝေ ..! "
ပိုင်ပိုင် ခပ်ရိုင်းရိုင်းပဲ အော်ခေါ်လိုက်သည်။ မြို့သားကလည်း ပြန်ထူးပြီး မော့ကြည့်လာသည်။ ပိုင်ပိုင်နဲ့ မြို့သားကြား စိပ်ဖြာထားသော ဝါးခြမ်းပြား တိုင်ဟောင်းများက မစုမကျဲ ခြားထားသည်။
" ခင်ဗျား ယောက်ျားမဟုတ်ဘူးလား ! "
" ဟ ! ဘယ့်နှယ့် ! စောစောစီးစီး ပြဿနာ လာရှာနေတုန်း ! ငါ ယောက်ျားလား မကျားလား သိချင်ရင် မင်း အစမ်း ယူကြည့်လိုက်လေ "
" အလကား အမြည်းပေးမယ်ဆိုရင်တောင် ခင်ဗျားကို ခွေးစာပဲ ကျွေးပစ်မှာ "
" မိုက်ရိုင်းလိုက်တာ "
" ရိုင်းအောင် လာလုပ်တာ ခင်ဗျားလေ ! ဒီခြံရှေ့က ကျွန်တော် ဖြတ်သွားမှန်း သိလို့ စောင်းပြောဖို့ တမင် စောင့်နေတာမလား ! "
" ပိုင်ပိုင်ရယ် .. မင်းကလည်း တုံးလိုက်တာ လွန်ရော "
" ဘာဗျ ! "