" အာရုံပဲကွာ "
လက်ထဲက ဖုန်းကို ပွတ်နေရာက ခပ်တိုးတိုး ထွက်လာသည့် ညည်းညူသံ။ ဆက်ကြည့်လိုစိတ် မရှိတော့စွာ ဖုန်းကို ပိတ်ချလိုက်၍ ရှင်းသန့်ရဲ့ ဘေးမှာ မြတ်သူ ဝင်ထိုင်လိုက်သည်။ ရှင်းသန့်က အခန်းထဲမှာ ပိုင်ပိုင့်အတွက် ဖိနပ်ဒီဇိုင်းကို အချောသတ်နေခြင်း ဖြစ်သည်။ ရှင်းသန့် အပ်ထားသည့် ချုပ်ထည် ရပြီဖြစ်ကြောင်း မြတ်သူကို မေရီက အမှာစကား ပါးလိုက်၍ အသိပေးဖို့အတွက် အခန်းထဲ ဝင်လာရာမှ ရှင်းသန့်ရဲ့ စိတ်အိုက်နေဟန်ကို တွေ့လိုက်ရခြင်း ဖြစ်သည်။
" စိတ်ရှုပ်စရာ ရှိလို့လား "
" စိတ်ရှုပ်စရာရယ်လည်း မဟုတ်ပါဘူး။ ရောင်နီ ငါ့ဆီကို စာတွေ ခဏခဏ ပို့နေလို့ .. ဒီအတိုင်း "
ဖုန်းကို ခေါင်းအုံးဘေး ပစ်ချလိုက်ရင်း ရှင်းသန့်က ညစ်ညူးဟန်ဖြင့် ဆိုသည်။ စိတ်လည်း ထွေနေပုံ ရသည်။ ဖြစ်ပြီးခဲ့သမျှ အပျက်တွေကို ရှင်းသန့်က အတိတ်မှာ ရပ်စဲ ထားရစ်နိုင်ခဲ့ပေမဲ့ ရောင်နီဦးဘက်ကတော့ ထိုသို့ မဟုတ်ပုံပင်။
ပြတ်ပြီးသား ကြိုးတို့ မည်သည် ဆက်၍ ရခဲ့လျှင်တောင် ထုံးရာတို့ဖြင့် လှပနိုင်မည်လော။ ခိုင်ခံ့မှု ရှိဖို့ရာ ရာနှုန်းပြည့် မသေချာနိုင်ပေ။ ထိုသဘောတရားအရ ရောင်နီဦးအပေါ် တဖန် ပြန်လည် ယုံကြည်မှု ပေးဖို့ရာ ရှင်းသန့်အတွက် လွန်စွာ ခဲယဉ်းလှသည်။
မြတ်သူ ကိုယ်တိုင်လည်း ရောင်နီဦးကို သဘောတွေ့လှသည်ရယ်တော့ မဟုတ်ပေ။ ထိုအချိန်က ရှင်းသန့်နဲ့ ငွေကြေး အားပြိုင်ရာတွင် ရောင်နီဦးရဲ့ ရွေးချယ်မှုက ရှင်းသန့်ကို လမ်းခွဲပေးဖို့ လိုက်လျောမှုသာ ဖြစ်ခဲ့သည်။ ရောင်နီဦးရဲ့ လုပ်ရပ်ကြောင့် ရှင်းသန့်မှာ အသည်းကွဲရခြင်းထက် နာရသည်က ပိုသာခဲ့လေသည်။ အန်တီပုလဲကတော့ ရှင်းသန့်ကို ပို၍ စိတ်မချ ဖြစ်ခဲ့ရသည်။ မနည်းပါးသော ငွေကြေးဥစ္စာ ပိုင်ဆိုင်မှု ဂုဏ်ဒြပ်တို့ကြောင့် ရှင်းသန့်ရဲ့ အနားမှာ ဒုတိယ ရောင်နီဦး ထပ်မံ ပေါ်လာမည်ကို စိုးရိမ် ပူပန်ခဲ့သည်။ ဒါတွေကို သိထားနှင့်၍ ပိုင်ပိုင့်ဆီ လှမ်းနေသော ရှင်းသန့်ရဲ့ ခြေလှမ်းတွေကို မြင်တွေ့နေရခြင်းက မြတ်သူကို စိတ်ဖိစီးမှု အနည်းငယ်တော့ ဖြစ်စေသည်။