အခန်း (၁၉)
" မရှိတော့ဘူး။ မရှိတော့ဘူး ကိုကြည်ရေ "
မှန်တင်ခုံရှေ့က အော်သံကို ဦးမျိုးမြင့်ကြည် နားမလည်။ ထို့ကြောင့် ကုတင်ထက် လှဲနေရာမှ ထထိုင်ရင်း အော်သံပိုင်ရှင်ဆီ အကြည့် ရောက်၏။
" ဘာမရှိတော့တာလဲ "
" ကျောက်ပျဉ်။ ကျွန်မ သနပ်ခါးသွေးလူးနေကျ ကျောက်ပျဉ် မရှိတော့ဘူး "
" ဒီအိမ်မှာ သနပ်ခါး လူးတာ မင်း တစ်ယောက်ပဲ ရှိတာလေ မြရယ်။ သေချာ ရှာကြည့်ပါဦး "
" အဲဒါ့ကြောင့်မို့ပဲ ထူးဆန်းနေတာပေါ့။ အမြဲတမ်း ခုံပေါ်မှာ နေရာမပျက် ရှိနေခဲ့တဲ့ ကျောက်ပျဉ်က ဘယ်ရောက်သွားမှန်း မသိလို့ "
ဦးမျိုးမြင့်ကြည် စဉ်းစားရလေပြီ။ မိန်းမဖြစ်သူ မြပုလဲက ညအိပ်ရာဝင်တိုင်း သနပ်ခါးရေကျဲကို ခပ်ပါးပါး လိမ်းကျံတတ်သည်။
သူကိုယ်တိုင်လည်း မြပုလဲရဲ့ ပါးပြင်မှ မွှေးပျံ့လာသည့် သနပ်ခါးရနံ့ကို နှစ်သက်၍ တားမြစ်ခြင်း မရှိခဲ့ပေ။ ကြုံကြိုက်တိုင်း မြပုလဲအတွက် သနပ်ခါး အမြစ်တုံး ဝယ်ပေးခဲ့သည်။ ခုဖြင့် မြပုလဲရဲ့ ကျောက်ပျဉ်က ပျောက်ချင်းမလှ ပျောက်နေသည်။
ဦးမျိုးမြင့်ကြည် ထိုင်မနေနိုင်တော့။ ကုတင်ပေါ်က ဆင်းရင်း ...
" ငါ ရှာကြည့်ပါဦးမယ်။ မင်းများ အထား မှားသလား "
" ကျောက်ပျဉ်တစ်ချပ်လုံးကို အထား မှားစရာလား ကိုကြည်ရဲ့ "
" ဖြစ်တတ်တာပဲလေကွာ။ မင်းလည်း အသက် ရလာပြီမလား။ မေ့ချင် မေ့မှာပေါ့ "
ပျောက်နေသည့် ကျောက်ပျဉ်ကို ရှာဖို့ ဦးမျိုးမြင့်ကြည်ရော ဒေါ်မြပုလဲပါ အလုပ် ရှုပ်ရလေပြီ။ သို့ပေမဲ့ တစ်ဖက် အခန်းတွင်တော့ ...။
" ပိုင်ပိုင် ရေချိုးပြီးပြီလား။ လာ။ လာ။ ဒီမှာ သနပ်ခါး လာလူး "
ရေချိုးခန်းထဲက ထွက်လာသည့် ပိုင်ပိုင့်ကို ရှင်းသန့် လက်ဟန်ပြရင်း အနားလာဖို့ ခေါ်လိုက်သည်။ ပိုင်ပိုင်က ခေါင်းရေစိုကို တဘက်နဲ့ သုတ်ရင်း ခြေစုံရပ်ကာ စိုက်ကြည့်နေသည်။