" မြတ်သူ .. ဘာကိစ္စရှိလို့လဲ "" ဒီကောင်လေ .."
ခြံထဲမှာ အဝတ်လှန်းနေသည့် မေရီက မြတ်သူနဲ့ ရှင်းသန့်ကို မြင်ကာ ငဲ့ကြည့်လာပြီး မေးသည်။ မြတ်သူ ရှင်းသန့်ဘက် မေးငေါ့ကာ စိတ်မပါ လက်မပါ ဖြေလိုက်၏။ မြတ်သူမှာ မေရီ့ကို မြင်တာတောင် ဝမ်းသာအားရ မပျော်နိုင်။ ဘေးမှာ အမွှေအနှောက်ကောင် ပါနေ၍ ဘယ်အချိန် ခွေးပြေး ဝက်ပြေး ပြေးရဦးမလဲဟုသာ တွေးပူနေရသည်။
" မလင်းဆီ အင်္ကျီလာအပ်တာ။ ကျွန်တော်တို့ကို အိမ်ထဲ ဝင်ခွင့်ပြုမယ်မလား "
" ရ .. ရပါတယ်။ ဝင်လေ "
ရှင်းသန့်ကို ကြည့်ကာ မေရီ့မှာ အယောင်ယောင် အနန ဖြစ်နေရှာ၏။ မျက်နှာပြောင်တိုက်ကာ ဗြုန်းစားကြီး ရောက်ချလာပြီး အင်္ကျီအပ်နေသည့် ရှင်းသန့်ကြောင့် မေရီ့ခမျာ ကြောင်အမ်းနေသည်။ ပိုင်ပိုင်နဲ့ နပန်းလုံးခဲ့သည့် ရှင်းသန့်ကို မှတ်မိပေမဲ့ ပစ်ပစ်ခါခါ ပြောပြီး နှင်တော့ မထုတ်ပေ။
မေရီ့ရဲ့ ဦးဆောင်မှုနောက်မှာ မြတ်သူနဲ့ ရှင်းသန့် အိမ်ထဲ ဝင်ခဲ့ကြသည်။ သွပ်မိုး၊ သစ်ကာ တစ်ထပ်အိမ်လေးက ခိုင်ခိုင်ခံ့ခံ့၊ သပ်သပ်ရပ်ရပ်။
အိမ်ထဲမှာလည်း ပစ္စည်းပစ္စယတွေနဲ့ ရှုပ်ပွမနေ။ ဖုန်ထူမနေသည့် ကြမ်းခင်းက သန့်သန့်ရှင်းရှင်း။ပိတ်ညှပ်သည့် စားပွဲခုံဝိုင်းတစ်လုံးကို ချထားသည်။ ရှင်းသန့်က အိမ်ထဲ ဝင်ဝင်ချင်း မျက်လုံးတစ်စုံကို ဟိုဟိုဒီဒီ ကစားကာ ပိုင်ပိုင့်ကို ရှာဖွေနေသည်။
ထိုအချိန်မှာပဲ ပိုင်ပိုင်က အိပ်ခန်းထဲက ထွက်လာသည်။ အိမ်ထဲမှာ လူရောက်နေသည့် အသိနဲ့ သူတို့ဘက်ကို ငဲ့ကြည့်လာသည်။
" ချစ်စရာလေးကွာ .. အ ! "
" မသရမ်းနဲ့ အကောင်ရဲ့ ! ဟိုမှာ ကြည့်နေတာ တွေ့လား ! "
" ငါ မြင်ပါတယ်။ ဘယ်လိုဖြစ် ! "
ပိုင်ပိုင့်ကို ကြည့်ရင်း လွှတ်ခနဲ ထွက်လာသည့် စကားသံကြောင့် ရှင်းသန့်ရဲ့ ခါးကို တံတောင်နဲ့ တွတ်ပြီး တစ်ချက် ကျွေးလိုက်၏။ နှုတ်ခမ်းလွှာကို အပြည့် မဟရဲဘဲ တိုးတိုးကြိတ်ကြိတ် မှာရသည်။ နှစ်ယောက်သား တတွတ်တွတ်ထိုးသံကြောင့် မေရီကလည်း မော့ကြည့်လာသည်။