အခန်း (၁၇)
" မမ "
" မမကို စိတ်မပူနဲ့နော်။ နွယ်ကလည်း မမနဲ့ လာနေပေးမှာ။ ရှင်းသန့်နဲ့ လိုက်သွားပြီး လိမ်လိမ်မာမာ နေ။ စာလည်း သေချာသင်နော် "
ပိုင်ပိုင့်ရဲ့ အဝတ်အစားတွေကို ထုပ်ပိုး သိမ်းဆည်းပေးပြီးနောက် စိတ်ချဖို့ မှာမိသည်။
အိမ်မှာ ရှင်းသန့်နဲ့ မြတ်သူအပြင် နွယ်လည်း ရှိနေသည်။" ကိုမြတ်သူ .. "
ပိုင်ပိုင်က ဘေးမှာ ထိုင်နေသည့် မြတ်သူဆီ ငဲ့ကြည့်ကာ ခေါ်၏။ မေရီနဲ့ မြတ်သူရဲ့ ဆက်ဆံရေးကို နွယ်က အသိပေးထား၍ ပိုင်ပိုင်လည်း သိရှိပြီးခဲ့ချေပြီ။ သို့ပေမဲ့ ပိုင်ပိုင်က ကန့်ကွက်ခြင်း မပြုသလို၊ လိုက်လျော သဘောတူခြင်း အရိပ်အယောင်လည်း မပြခဲ့။ ထို့ကြောင့် မြတ်သူမှာ ပို၍ အခက်တွေ့ရသည်။
အဖြေတစ်ခုကို တိတိကျကျ မသိရ၍ အီလည်လည် ဖြစ်နေရှာ၏။" ပြောလေ ပိုင်ပိုင်။ အစ်ကို ဘာကူညီပေးရမလဲ "
" မလိုပါဘူး။ လူကို အားနေ အကူအညီ တောင်းနေတဲ့သူများ မှတ်နေလား "
" မဟုတ် .. မဟုတ်ပါဘူး "
ဘုဘောက်ကျသည့် ပိုင်ပိုင့်ကြောင့် မေရီ့မှာ မျက်ရည်လေး ဝဲရာက ရယ်မိသွား၏။ မြတ်သူကတော့ နင်သွားရှာသည်။
" ကျွန်တော့် အစ်မကို သေချာ စောင့်ရှောက်ပေးထားလို့ ပြောမလို့။ မမ တစ်ခုခု ဖြစ်ရင် ကိုမြတ်သူရော၊ မနွယ်ပါ အေးဆေး နေရမယ် မထင်နဲ့။ လာသောင်းကျန်းမှာနော် "
" အမလေးတော်။ ရှင့်အစ်မကို ကျွန်မတို့က ဘာကိစ္စနဲ့ တာဝန်ယူရမှာတုန်း။ တကတည်း အစ်မကို အပ်တာကြီးကလည်း ခြိမ်းလား ခြောက်လားနဲ့ "
ရင်ဘတ်လေးကို လက်နဲ့ ဖိကာ နွယ်က အငေါ့ စကား ဆိုသည်။
" တာဝန်ယူရမှာပေါ့။ မနွယ်နဲ့ ကိုမြတ်သူက မမရဲ့ ငယ်သူငယ်ချင်း အရင်းကြီးတွေလေ။ ကိုယ့်သူငယ်ချင်းကို ဂရုစိုက်ပေးရမှာပေါ့။ ကျွန်တော် ပြန်လာရင် မနွယ်အတွက် ကောင်လေး ချောချော ရှာလာခဲ့မှာမို့ ရွာမှာ ရည်းစားမရှာဘဲ မမကိုပဲ ထိန်းပေးထားနော် "