အခန်း (၂၁)
" ရှင်းရော ခုထိ ဆင်းမလာသေးဘူးလား မေမေ "
" အိပ်ပျော်နေတယ် ထင်တယ်။ ဒီကလေးက ညဘက်တွေဆို ဒီဇိုင်း ဆွဲရင် ဆွဲ၊ မဆွဲရင် ဂိမ်းတွေ ဆော့ပြီး ညဉ့်နက်ထိ နေတာ။ စောစော အိပ်ဖို့ ပြောလည်း မရဘူး။ ဒါပေမဲ့လည်း ရှင်းက သူ့အချိန် သူ သိပါတယ် "
" ပြောလိုက်ရင် အချိန် သိတယ် ဆိုပြီး အလုပ် သွားခါနီးဆို တောင်ဆွဲ မြောက်ဆွဲပါ မေမေရာ။ ဒီနေ့လည်း မမနဲ့ Meeting ရှိတယ် ပြောပြီး ခုထိ အိပ်ရာ မထသေးဘူး "
ဒေါ်မြပုလဲရဲ့ ဖြေရှင်းချက်ကို သဘောမခွေ့စွာ လင်းက ဆူပူဟန်လေးနှင့် ပြောလာသည်။ မနက်စာ Breakfast ဝိုင်းမှာ မိသားစု သုံးယောက် အမြဲ စုံညီတတ်ပေမဲ့ ရှင်းကတော့ လက်စုံ ဖွဲ့ခဲသည်။
" လွှတ်ထားလိုက်ပါ လင်းရယ်။ မင်းညီက ပြောလည်း မောတာပဲ ရှိတယ်။ အကျင့်က ပြင်တာ မဟုတ်ဘူး။ စားစရာ ရှိတာသာ စား။ ရုံး နောက်ကျနေမယ်။ ဒါနဲ့ ဟိုကလေးရော .. "
ဦးမျိုးမြင့်ကြည်က ရှင်းနှင့် အတူ ပါလာသော ပိုင်ပိုင့်ကိုပါ မတွေ့ရ၍ သတိထားမိစွာ စကား စလာသည်။
" ရှင်း အိပ်ရာ မထသေးတော့ ဆင်းမလာသေးတာ ဖြစ်မယ်။ ရှင်းရဲ့ ဧည့်သည်မို့လား မသိဘူး။ ပိုင်ပိုင်က ရှင်းရဲ့ အရိပ်ကလေးလိုပဲ။ ရှင်း သွားရာနောက် တကောက်ကောက် လိုက်ပေမဲ့ ရှင်းက မရွေ့ရင် သူကလည်း မလှုပ်တော့ဘူး "
" အရိပ်လို ကပ်နေတာ ဘာများ သဘောကျစရာ ရှိလို့လဲ။ မေမေ့သားကို သတိထားနေခိုင်းဦး "
ပိုင်ပိုင့်ကို မြင်ယောင်မိရင်း အပြုံးတစ်စ လှစ်ခနဲ ထင်ဟပ်သွားသည့် ဒေါ်မြပုလဲရဲ့ နှုတ်ခမ်းထောင့် တစ်စုံမှာ ပုံမှန်အတိုင်း နေရာပြန်ကျသွားသည်။ လင်းရဲ့ စိုးရိမ်ပူပန်မှုအတိုင်း သူမလည်း ဒီကလေးအပေါ် သံသယ မြူရိပ် မကင်းနိုင်ပေ။ အကြောင်း မသိသူတွေမို့ ပိုင်ပိုင့် စိတ်ရင်းကိုလည်း မြင်အောင် ကြည့်မရသေးပေ။ သားဖြစ်သူ ရှင်းရဲ့ သဘောထားကိုလည်း အတိအကျ မသိရသေးချေ။ ထို့ကြောင့် ဒေါ်မြပုလဲမှာ ရှင်းနှင့် ပတ်သက်ပြီး ပိုင်ပိုင့်အပေါ် သတိထား ဆက်ဆံနေရသည်။