Ep - 9

180 51 0
                                    


" မမ "

" ဟင် "

" ဟိုလူ အင်္ကျီလာရွေးရင် တစ်ခါတည်း မပေးလိုက်နဲ့နော် "

" ဘယ်သူလဲ ပိုင်ပိုင်ရဲ့ "

အပြင်က ပြန်လာသည့် ပိုင်ပိုင့် ပြောစကားကို မေရီ နားမလည်။ ထို့ကြောင့် ကြောင်အမ်းအမ်း ဖြစ်ရသည်။ ပိုင်ပိုင်က မီးပူတိုက်နေသည့် မေရီ့ရဲ့ ရှေ့မှာ ဝင်ထိုင်သည်။

ရွာမှာ ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ယူထားသည့် လျှပ်စစ်မီးကြောင့် အိမ်မှု ကိစ္စနဲ့ အခြား နေရာတွေမှာ များစွာ အဆင်ပြေလှသည်။ မြို့နဲ့ အလှမ်း မဝေးလွန်းသည့် မေရီတို့ ရွာလေးက ဘဘာဝရဲ့ ရနံ့ဖြင့် ထွေးပွေ့ထားခံလျက် ရှိကာ ဖွံ့ဖြိုး တိုက်တက်မှုမှာလည်း အရမ်းကြီး ကျယ်ပြန့်မနေ။

" မြို့သားကို ပြောတာလေ မမရာ။ သူ မမဆီမှာ အင်္ကျီ အပ်ထားတယ်မို့လား "

" အင်း။ အပ်ထားတယ်လေ။ ဘာလို့ မပေးခိုင်းတာလဲ "

မေရီ လျှပ်စစ်မီးပူကို ဘေးတစ်ဖက်မှာ ထောင်ပြီး မေးလိုက်သည်။

" သူ လာရွေးတဲ့ အချိန် ကျွန်တော် မရှိရင် မပြီးသေးဘူးလို့သာ ပြောလိုက်နော်။ ချုပ်ခကို မေးရင်လည်း မဖြေနဲ့။ မြို့သားကို ကျွန်တော် ကိုယ်တိုင် ပြောမယ် "

" ပိုင်ပိုင်ပဲ သူ့ကို ကြည့်မရဘူးဆို .. ခု ဘယ်လို ဖြစ်ရပြန်ပြီလဲ "

" အကြောင်း ရှိလို့ပေါ့ မမရာ။ ကျွန်တော် ရေချိုးလိုက်ဦးမယ်။ ပြီးရင် ထမင်းအတူ စားမယ်နော် "

" မမ ထမင်းဝိုင်း ပြင်ထားလိုက်မယ်။ ရေချိုးတာ အကြာကြီး လုပ်မနေနဲ့ဦး "

" ဟုတ် "

ပိုင်ပိုင်က အပေါ်အင်္ကျီ တစ်ထပ်ကို ချွတ်ရင်း ရေလဲပုဆိုး ယူဖို့  အခန်းထဲ ဝင်သွားသည်။
မေရီ မီးပူ ဆက်မတိုက်အားတော့။ အင်္ကျီတွေကို သိမ်းဆည်းပြီး ပိုင်ပိုင်နဲ့ ထမင်း အတူ စားဖို့ ပြင်လိုက်သည်။

မေရီတို့ မောင်နှမက ညနေစာတစ်နပ်ကို အမြဲ လက်စုံ စားလေ့ ရှိသည်။ မီးဖိုချောင် ဝင်သည့် မေရီက ပိုင်ပိုင် ကြိုက်တတ်သည့် ဟင်းစားသာ အချက် များသည်။ မုန့် ဝယ်ရင်လည်း ပိုင်ပိုင့် အကြိုက်ပဲ ရွေးသည်။ အဝတ်အစားဆိုလည်း ပိုင်ပိုင့်ကိုပဲ ဦးစားပေး ချုပ်ပေးမိသည်။

ပစ္စန္တရစ်ကို ကျောခိုင်း၍Where stories live. Discover now