" ပိုင်ပိုင် .. အိပ်နေတုန်းလား "လိုက်ကာစကို တစ်ဖက် ဆွဲကပ်လိုက်ရင်း ပိုင်ပိုင့် အိပ်ခန်းထဲ မေရီ ဝင်ခဲ့လိုက်သည်။ ညက အဖျားငွေ့ နွေးနွေး ရှိ၍ အိပ်ရာစောစော ဝင်သွားသည့် ပိုင်ပိုင်က မနက်မိုးလင်းထိ ထမလာသေး။ ပုံမှန်ဆို ပိုင်ပိုင်က မနက်စောစော အိပ်ရာ ထနေကျမို့ မေရီ့မှာ ပူပန်ရလေပြီ။
ဂွမ်းစောင်ကို ပခုံးထိ ဆွဲခြုံထားသည့် ပိုင်ပိုင်က ဘေးတစ်ခြမ်းစောင်း လှဲလျက် အိပ်ပျော်နေသည်။ ပိုင်ပိုင့်အနားမှာ မေရီ ဝင်ထိုင်လိုက်ရင်း နဖူးဖျားပေါ် လက်တင်ကာ ကိုယ်ပူ စမ်းမိ၏။
" ညက ဆေးမသောက်ဘဲ အိပ်လိုက်တာလား "
မျက်တောင်ဖျားတစ်စုံကို လေးပင်စွာ ပင့်မြှောက်လာရင်းမှ ဖြည်းညှင်းစွာ တစ်ဖျတ် ခတ်ပြ၏။
" ဆေးသောက်ဖို့က အစာရှိမှ ဖြစ်မှာ။ မောင်လေး ကြိုက်တဲ့ ကိတ်မုန့် မမ ဝယ်ထားတယ်။ စားပြီးမှ ပြန်အိပ်လေ .. နော် "
မေရီ ချော့မော့ပြီး ပြောလိုက်ပေမဲ့ ပိုင်ပိုင်က စကား နားမထောင်။ အနည်းငယ် ရွေ့လျားသမှု ပြုလာရင်း သူမ ပေါင်ပေါ် ခေါင်း တင်ကာ ခွေခွေလေး လှဲလျက် နေသည်။ မေရီရဲ့ လက်ချောင်းများက ပိုင်ပိုင့် ဆံသားထက် နူးညံ့ ညင်သာစွာ ရောက်ရှိသွားသည်။
နေမကောင်းသည့် အချိန်တွေဆို ပိုင်ပိုင်က သူမ အနား ပိုကပ်လေ့ ရှိတတ်သည်။ မေရီ့ ပေါင်ကို ခေါင်းအုံးထားသည့် ပိုင်ပိုင်က စကားတစ်ခွန်းမှ မဆိုဘဲ ဆိတ်ငြိမ်နေလျက်။
ခေတ္တခဏ ကြာပြီးနောက်တွင် ခံစား သိရှိလိုက်ရသော ပူနွေးစ တစ်ခုကြောင့် မေရီ့ ရင်ထဲ သောက လှိုင်းတံပိုး စုံတိုး ဝင်လေသည်။
မေရီ ထိတ်လန့်သွားရ၏။ ပိုင်ပိုင့်ကို ငုံ့မိုး ကြည့်လျက် အသည်းအသန် မေးယူမိသည်။
" ပိုင်ပိုင် .. ပိုင်ပိုင် ဘာဖြစ်လို့လဲ။ မမကို ပြော။ ခေါင်းကိုက်နေလို့လား။ ဘယ်နေရာက နာလို့လဲ "
" ဟင့်အင်း "
ပိုင်ပိုင်က လေသံဖျော့လေးနှင့် ငြင်းဆန်သည်။ ဒါပေမဲ့ မေရီ့ရဲ့ စိတ်အပူမီးမှာ မငြိမ်းနိုင်။ ရင်နှင့်အမျှ ချစ်ရပါသော မောင်လေးက ငိုနေသည်။ ထိုအသိက မေရီ့ အသည်းစိုင်အား ဖျစ်ညှစ်လိုက်သည့်နှယ်။ နာကျင်မှုမှာ အတိုင်းအဆ မသိနိုင်ခဲ့။