အခန်း (၂၂)
" ရှင်းရဲ့ ဒီဇိုင်းကို ပေါက်ကြားစေတဲ့သူကို သိရပြီ "
အစည်းအဝေးပြီးသွားသည်နှင့် မမက ရှင်းသန့်ကို အခန်းထဲမှာ ခေါ်တွေ့သည်။ အကျယ်တဝင့် မဖြစ်ချင်သည့် မမက ဒီဇိုင်းပေါက်ကြားသည့် သတင်းကို တတ်နိုင်သမျှ ဖုံးထားချင်ပုံ ပေါ်သည်။ ကုမ္ပဏီ၏ ပုံရိပ်ကို ထိန်းသိမ်းဖို့ လိုအပ်သည်မို့ ရှင်းသန့်လည်း မမဆန္ဒအတိုင်းသာ ဖြေရှင်းဖို့ သဘောတူခဲ့သည်။ ထို့ကြောင့် မမက ရှင်းသန့်ကို သီးသန့် ခေါ်တွေ့ပြီး စကားပြောခြင်းပင်။
" ရောင်နီဦး .. ရောင်နီဦးပဲ ရှင်း "
မှင်သက်ရတဲ့အထိ မဟုတ်ပေမဲ့ ရှင်းသန့် အံ့သြရသည်။ မဖြစ်နိုင်တာတော့ မဟုတ်ပေ။ ပိုက်ဆံသာ များများစားစား ရလျှင် ရောင်နီဦးဆိုသည့် ကောင်က ရှင်းသန့်ကိုတောင် ရောင်းစားဖို့ တွေဝေနေမှာ မဟုတ်။ တောက်တစ်ချက် မခေါက်မိပေမဲ့ ရင်ထဲမှာ ခံပြင်းစိတ်က တိုးဝင်သည်။
ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် ချစ်ခဲ့ဖူးသည့် အချစ်ဦးက သူ့အား အကြိမ်ကြိမ် ထိုးကျွေးဖို့ ပြင်နေသည့် လူလိမ်တစ်ယောက်သာ ဖြစ်လို့ နေခဲ့သည်။ ဒီလောက်တောင် လူအကဲခတ် မတတ်ရလားဟုပင် ကိုယ့်ကိုကိုယ် အပြစ်ဖို့ချင်မိတော့သည်။
" ကျွန်တော် မှားတာပါ။ သူနဲ့ ပတ်သက်ခဲ့တုန်းက ကျွန်တော့် ဒီဇိုင်းကို ပြခဲ့မိတာ။ သူ့ဆီက လာမယ့် ထင်မြင်ချက်ကို သိချင်စိတ်ကြောင့် သေချာ မစဉ်းစားခဲ့မိဘူး "
ရှင်းသန့် အားနာစွာ မမကို ရှင်းပြမိသည်။ သူ့ကြောင့် မမရဲ့ စီးပွားရေးမှာ ထိခိုက်စေမိ၍ စိတ်မကောင်းပေ။ ဒီဇိုင်း ပေါက်ကြားစေသည့် ပင်မ တရားခံမှာ ရောင်နီဦးအပေါ် အယုံအကြည် လွယ်ခဲ့မိသည့် သူကိုယ်တိုင်သာ ဖြစ်သည်။
ရှင်းသန့်ရဲ့ လေသံမှာ တိုးဖျော့ညင်သာသည်။ မမက ရှင်းသန့်ရဲ့ မျက်နှာပေါ်က ခံစားချက်အား အသံတိတ် ဖတ်ရှုပြီးနောက် ပါးလျသော အပြုံးကို နှုတ်ခမ်းထက် ပွင့်လန်းစေသည်။ ထိုအပြုံးမှာ မောင်ငယ် တစ်ယောက်အပေါ် ထားရှိသော အစ်မ တစ်ယောက်၏ နားလည်မှုကို ဖော်ညွှန်းသည်။