" ရေး .. မေမေ ပြန်လာပြီ "သားချစ်က မမကို မြင်တာနဲ့ အားရဝမ်းသာ ပြေးကြိုသည်။ သို့ပေမဲ့ မမဆီ ရောက်လုနီးနီး အချိန်မှာပဲ မျက်နှာထွက်ပြလိုက်သည့် ရှင်းသန့်ကြောင့် သစ်လွင်လှသော အပြုံးစနုနု တိမ်မြုပ်သွား၏။ ရှင်းသန့်ကလည်း အကြောင်းသိလို့ တမင် ပုန်းကွယ်နေခြင်း ဖြစ်သည်။
" ရှင်းလေးရော ပါလာတာလား "
မမက သားချစ်ရဲ့ လက်သေးသေးလေးတွေကို ဆုပ်ကိုင်ရင်း ခပ်ဖွဖွ ပြုံး၏။ အကြောင်းက ရှင်းသန့် မျက်နှာ မဲ့သွားခြင်းကြောင့်ပင်။
ဒီနာမ်စားကို မမနဲ့ မေမေ ရံဖန်ရံခါ ခေါ်တတ်လေ့ ရှိလာရင်တောင် ရှင်းသန့်က ကြည်ဖြူချင်တာ မဟုတ်။ ဒါကို ငါးနှစ်သားကပါ မျိုးရိုးကို ထိန်းသိမ်းကာ အာခံတွင်း ငုံထားသည်။
" အေး။ မင်းကို ရွာခေါ်သွားမလို့ "
" ဟင့်အင်း။ လိုက်ချင်ဘူး "
" မရဘူး။ လိုက်ခဲ့ရမယ် "
သားချစ်ရဲ့ ဆံညိုအုပ်အုပ်တွေကို ဖွရင်း ပြောတော့ ခေါင်းခါပြီး ငြင်းဆန်၏။ သားချစ်က မမကို မော့ကြည့်ရင်း ရွာလိုက်ခွင့် ပါမစ်မပေးဖို့ အသနားခံ မျက်ဝန်းတွေဖြင့် ပန်ကြားနေသည်။ သားချစ်ကို ပွေ့ချီပြီး မမနဲ့အတူ ဧည့်ခန်းထဲ လျှောက်ခဲ့လိုက်သည်။
" ရောက်ရောက်ချင်း ငါ့မြေးကို စိတ်ဆင်းရဲအောင် လုပ်နေပြန်ပြီ "
မမာမပျော့ လေသံလေးနဲ့ မေမေက ဆိုသည်။ ပြီးနောက် ရှင်းသန့်ရဲ့ ဘေးမှာ ဝင်ထိုင်လာ၏။
မမတို့ သားအမိနဲ့ ရှင်းသန့်က မျက်နှာချင်း ဆိုင်လျက် ဖြစ်သည်။" ရှင်းကလည်း မေမေ့သားပါနော်။ တော်ရုံပဲ ဘက်လိုက်။ လူကြား မကောင်းဘူး "
" တယ် ..ဒီကလေး ! "
" ဟုတ်တယ်။ မေမေ့ရဲ့ ကလေး။ မေမေ့ရဲ့ သား "
မေမေ့ ခါးကို ယှက်သွယ်ကာ သိမ်းဖက်လိုက်ရင်း ပခုံးတစ်ဖက်မှာ မေးဖျား တင်လိုက်သည်။
မေမေကလည်း ရှင်းသန့်ရဲ့ ဆံပင်တွေထဲ လက်ချောင်းတွေ ထည့်ဖွက်ပစ်၏။ နူးညံ့သည်။ ညင်သာသည်။ သိမ်မွေ့သည်။ မေတ္တာရနံ့တို့ လွှမ်းခြုံထားလျက်။
![](https://img.wattpad.com/cover/293643628-288-k943670.jpg)