အခန်း (၂၄)
" ဟားးး ဟားးး နောက်ဆုံးတော့ ဒီလိုမျိုး ဆုံရတာပဲ "
စိုးနိုင်က လှောင်ရယ်သံကို ကျယ်ကျယ် ပြုကာ ပိုင်ပိုင့်အား စေ့စေ့ကြည့်သည်။ ဘယ်ကနေ သိရှိသွားလဲ မသိရပေမဲ့ စိုးနိုင်က ပိုင်ပိုင် နားခိုရာကို သိကာ လမ်းတွင် ကြိုတင် စောင့်ဆိုင်းနေသည်။ ကိုရှင်းသန့်ရဲ့ နေအိမ်က ဆိတ်ငြိမ် ရပ်ကွက်ဖြစ်ကာ ကားမှတ်တိုင်နှင့် ဝေးကွာလှသည်။ ထို့ကြောင့် ဘတ်စ်ကား စီးပြီး ပြန်လာရသော ပိုင်ပိုင့်အဖို့ လမ်းထဲ ဝင်ဖို့ကိုပဲ အတော် လျှောက်ရသည်။
အမြဲ အကြိုအပို့ လုပ်ခိုင်းရအောင်လည်း ထိုမျှအထိ မသိတတ်သူ မဖြစ်ချင်။ ထို့ကြောင့် ပိုင်ပိုင်က ကိုယ့်အစီအစဉ်နှင့် ကိုယ်သာ ပြန်လာသည်။
စိုးနိုင်ရဲ့ ခြေတစ်လှမ်း အရွေ့မှာ ပိုင်ပိုင်က နောက်တစ်လှမ်းသို့ ရွေ့ဆုတ်မိသွားသည်။ ကူကယ်ရာမဲ့သော စိတ်မှာ မလုံခြုံမှုနှင့် ထိတ်လန့် ကြောက်ရွံ့မှုကို တိုးတိတ်စွာ ခံစားနေရသည်။ တုန်ယင်ချင်နေသာ လက်ချောင်းတို့ကို အားပြုကာ ကျောပိုးအိတ်ကြိုးကို ခပ်ကျစ်ကျစ် ဆုပ်ကိုင်လိုက်၏။ မျက်တောင် နှစ်ဖျတ် ဆက်တိုက် ခတ်မိသော အမူအယာက ပိုင်ပိုင့်ရဲ့ စိတ်လှုပ်ရှားမှုကို ဖော်ဆောင်ပြသလို ဖြစ်သွားနိုင်ပေမဲ့ ဟန်ဆောင် တောင့်ခံနိုင်အားက နည်းပါးနေခဲ့သည်။
" ငါ့ကို လူသတ်သမားဇာတ်သွင်းပြီး မင်းက ဒီလို နေရာမှာ လာပျော်ပါးနေတယ်ပေါ့ ဟုတ်လား "
" မဟုတ် "
လမ်းမှာ လူပြတ်လှသည်။ ပတ်ဝန်းကျင်မှာ ဆိတ်ငြိမ်အား ကောင်းလှသည်။ ထို့ကြောင့် စိုးနိုင်အား ပို၍ ရဲတင်းခွင့် ပေးထားသယောင် ထင်ရ၏။
" ရှောင်ပြေးဖို့ ကြိးစားနေတာလား။ စိတ်ကူး ယဉ်မနေနဲ့ ဟေ့ကောင်။ မင်း စွပ်စွဲခဲ့တဲ့ လူသတ်သမားက မင်းကို ဘယ်လိုတွေ ဒုက္ခပေးမလဲဆိုတာ စောင့်ကြည့်နေလိုက်။ ဟား ဟား ဟား "
ခြိမ်းခြောက်စကားကို ပေါ်ပေါ်တင်တင် ထုတ်ပြောကာ စိတ်ကို လှန့်၏။ ပိုင်ပိုင့်ရဲ့ ပခုံးနှစ်ဖက်ပေါ် လက်တင်ကာ စိုးနိုင်က မျက်ဝန်းချင်း ဆုံစည်းဖို့ အတင်းကာရော ကြိုးစား၏။