" မေရီ ဘယ်က ပြန်လာတာလဲ "" နွယ်တို့ အိမ်က ပြန်လာတာ။ မနက်က နွယ် အထည်လေးတွေ သွားတင်တယ်ဆိုလို့လေ။ အဲဒါ ပိုင်ပိုင့်အတွက် ပုဆိုးနှစ်ကွင်း ထည့်မှာလိုက်လို့ သွားယူတာ "
ရွာလူကြီးအိမ်က ပြန်လာသည့် လမ်းမှာ မေရီနဲ့ တိုး၍ မြတ်သူ ဝမ်းသာသွားသည်။ ရွာလူကြီးက မြတ်သူကို ရွာကျောင်းမှာ ဆရာအဖြစ် တာဝန် ထမ်းဆောင်စေချင်ကြောင်း ဖွင့်ဟ ပြောသည်။
မြတ်သူ အချိန်ယူပြီး စဉ်းစားချင်သေး၍ ယတိပြတ် အဖြေကို မပေးနိုင်ခဲ့ပေ။လူငယ်ဖြစ်သည့်အလျောက် မြတ်သူမှာ ပျော်ချင် ပါးချင်စိတ်လေးက ရှိနေသည်။ ထို့ကြောင့် ချက်ချင်း မဆုံးဖြတ်နိုင်သေး။
" မြတ်သူကရော ဘယ်လဲ "
" ကျွန်တော်က ရွာလူကြီးအိမ်က ပြန်လာတာ "
အပြန်လမ်းမှာ ရှင်းသန့်ကို သွားရှာဖို့ အစီအစဉ် ပျက်သွားသည်။ အကြောင်းက မေရီနဲ့ လမ်းအတူ လျှောက်ချင်၍ ဖြစ်သည်။
မေရီက ပန်းရင့်ရောင် ချည်ဝမ်းဆက်ကို ဝတ်ဆင်ထားသည်။ ဆံနွယ်ရှည်တွေကို ဖဲကြိုးတစ်ခုနဲ့ ချည်နှောင်ထားသည်။ မေရီ့ အလှက မြန်မာဆန်သည်။ စကားပြောဟန်မှာ သိမ်မွေ့သည်။
" မေရီ "
မြတ်သူ ခြေတစ်စုံကို ရပ်တန့်မိလိုက်သည်။ မေရီပါ တုံ့ဆိုင်းသွား၏။ မြတ်သူရဲ့ မဝံ့မရဲ ခေါ်သံနောက်မှာ မေရီက ငဲ့ကြည့်လာသည်။
ထိုမျက်ဝန်းကြည်ကြည်လေးတွေက မြတ်သူရဲ့ နှလုံးသား ဧရိယာမှာ အဖိုး အနဂ္ဃ ထိုက်တန်လှသည်။ မေရီလင်းက မြတ်သူရဲ့ ဘဝ တစ်သက်တာမှာ ပထမဆုံး မြတ်နိုးစွဲလမ်းမိသော မိန်းကလေးပါလေ။
" ကျွန်တော် မေရီ့ကို ဆက်ဆက် ပြောချင်တဲ့ စကား ရှိတယ်။ ဒါပေမဲ့ ဒီနေရာမှာတော့ မပြောချင်ဘူး။ မနက်ဖြန် ညနေ မေရီ အချိန်ရရင် ရွာထိပ်ကို ခဏလောက် ထွက်ခဲ့ပါလား။ ကျွန်တော် ပျဉ်းမပင်ကြီးအောက်မှာ မေရီ့ကို စောင့်နေမယ်လေ။ ဆက်ဆက် လာခဲ့ပေးပါနော် မေရီ "
မြတ်သူ အရဲစွန့်ကာ ပြောလိုက်သည်။ မေရီက ခေါင်း မခါ၊ ခေါင်း မညိတ်။ မြတ်သူကို ကြည့်ပြီး ယဉ်ယဉ်လေး ပြုံးကာ ခြေဆက်လှမ်းသွား၏။