အခန်း (၁၈)
" ကိုကို .. ကိုကို "
" ဝေ .. ဘာ။ ဘာလဲ "
ဖုန်းကြည့်ရင်း အိပ်ပျော်သွားရာက သားချစ်ရဲ့ အသံကြောင့် နိုးသွား၏။ မျက်ခွံကို တစ်ချက် ပွတ်ရင်း အိပ်ချင်စိတ်ပြေအောင် ဖြေရသည်။
" သားကို စက်ရုပ်ဆွဲပေး "
အင်္ကျီလက်တိုကို လှန်တင်ရင်း လက်မောင်း ပိန်ပိန်လေးကို ထိုးပြ၏။ သွားတွေ ပေါ်အောင် ရယ်ပြနေပုံက ချစ်စဖွယ်အတိ။ စာအုပ်ကြား ညှပ်ထားသည့် ဘောပင်ကို ယူရင်း သားချစ်ရဲ့ လက်မောင်းမှာ စာလုံးတစ်ချို့ ရေးကာ လေးထောင့်ကွက်နှင့် ဘောင်ခတ်လိုက်သည်။
" ရပြီ "
" စက်ရုပ်လေ။ စက်ရုပ် "
" အဲဒါ စက်ရုပ်ပဲ။ မယုံရင် ရှင်းကို မေးကြည့် "
အပေါ်ထပ်က ဆင်းလာသည့် မြို့သားကို မေးငေါ့ပြရင်း သက်သေအဖြစ် ဆွဲသွင်းလိုက်၏။
အရုပ်ပုံအစား စာလုံးတချို့သာ ထင်နေသည့် လက်မောင်းကို တစ်ချက် ငုံ့ကြည့်ရင်း သားချစ်က မျက်နှာလေး မဲ့တဲ့တဲ့ ဖြစ်လို့ နေပြီ။" ရှင်း "
" ဘာလဲ "
တူဖြစ်သူကို ထူးပုံက ဤသို့ ဤနှယ်။ ပိုင်ပိုင့်ဘေးမှာ ဝင်ထိုင်သည့် ရှင်းရဲ့ ပေါင်ပေါ် သားချစ်က တက်ခွ ထိုင်သည်။ အိမ်မှာ လူကြီးတွေ မရှိ၍ ပိုင်ပိုင်တို့ သုံးယောက် အိမ်စောင့် တာဝန် ယူထားရသည်။
" ကိုကိုက ဒါကို စက်ရုပ်တဲ့ "
လက်မောင်းကို မြို့သားရှေ့ ပြရင်း မျက်နှာလေး မော့ကာ မေးနေပုံက အသည်းယားစရာ ကောင်းလှသည်။
" အ ! "
ပိုင်ပိုင် စိတ်မထိန်းနိုင်တော့၍ မြို့သားရဲ့ လက်မောင်းကို တစ်ချက် ဆွဲဆိတ်လိုက်သည်။ နာသွားသည့် မြို့သားက ငဲ့ကြည့်လာကာ နားမလည်စွာ မေးခွန်း ထုတ်၏။
" ဘာလုပ်တာလဲ "
" သားချစ်ကို အသည်းယားလို့ "
မဲ့သွားသည့် မြို့သားရဲ့ မျက်နှာကို ကြည့်ရင်း သဘောတကျ ပြုံးမိသည်။ ဒါကိုပဲ မြို့သားက မေ့မေ့မောမော ငေးရှု၏။