" ဒီဇိုင်းကိစ္စက ဘယ်လိုဖြစ်တာလဲ "" စုံစမ်းနေတုန်းပဲ။ ခုထိတော့ မသိရသေးဘူး "
မမရဲ့ ရုံးခန်းထဲမှာ စကား ပြောနေခြင်း ဖြစ်သည်။ ရှင်းသန့် ရန်ကုန်ကို ရောက်ရောက်ချင်း မမရဲ့ ကုမ္ပဏီဆီ တန်းဝင်ခဲ့တာ ဖြစ်သည်။ အလုပ်ကိစ္စ စကားပြောပြီးမှပဲ အိမ်ပြန်ဖို့ စဉ်းစားထားသည်။
မမ ဦးစီးဦးဆောင် ပြုနေသည့် ကုမ္ပဏီက တစ်နိုင်တစ်ပိုင် လုပ်ငန်း အသေးစား ဖြစ်သည်။ ဖိနပ်ဒီဇိုင်းတွေကို အဓိက ထားပြီး ထုတ်လုပ် ရောင်းချသည်။ ကျောပိုးအိတ်၊ ထီးနဲ့ မိုးကာအပြင် ကျောင်းသုံး ပစ္စည်းတချို့ကိုလည်း ရောင်းချသည်။ အွန်လိုင်းဈေးကွက်မှာလည်း မမရဲ့ လုပ်ငန်းက အတော်အသင့် နေရာလေး ရထားသည်။
ထ်ို့အပြင် မမက မြို့ထဲမှာ သီးသန့် ဆိုင်ခွဲတစ်ခု ဖွင့်ထားကာ ဖိနပ်တစ်မျိုးတည်းကိုသာ ရောင်းချခြင်း ပြုသည်။ မမရဲ့ ကုမ္ပဏီမှာ ရှင်းသန့်အပြင် အခြားသော လက်စွမ်းထက်သည့် ဒီဇိုင်နာတွေကိုလည်း ခန့်အပ်ထားသည်။ ထို့ကြောင့် ဖန်တီးမှု ပညာရပ်ပိုင်းမှာ ရှင်းသန့်ကိုပဲ မှီခို အားထားနေရခြင်းတော့ မဟုတ်ပေ။ သို့ပေမဲ့ ခုတစ်ခေါက် ပထမဆုံးအကြိမ် ပေါက်ကြားသွားသည့် ဒီဇိုင်းက ရှင်းသန့်ရဲ့ အားထုတ်မှု ဖြစ်နေသည်။
ရက်ပေါင်းများစွာ ပင်ပင်ပန်းပန်း ကြိုးစားထားရသည့် အရာမို့ ခုလို ဖြစ်သွားခြင်းကို ရှင်းသန့်ရဲ့ စိတ်ထဲမှာ သိပ်ပြီး မကျေနပ်ပေ။ အောင့်သက်သက် ခံစားနေရသည်။ တရားခံကို အမြန်ဆုံး သိချင်လှပြီ။
" ဒီဇိုင်းက အပြင်ကို ပေါက်ကြားသွားပြီဆိုတော့ ထုတ်ဖို့က မဖြစ်နိုင်တော့ဘူး။ ရှင်းသန့်ရော ဘယ်လိုလုပ်ဖို့ စိတ်ကူး ရှိလဲ "
" ခုမှတော့ ဘယ်လိုလုပ်ရမှာလဲ "
ရှင်းသန့် မကျေမချမ်း ရေရွတ်လိုက်သည်။ မမကတော့ တည်တည်ငြိမ်ငြိမ် ရှိနေဆဲပင်။
လေအေးစိမ့်သော ရုံးခန်းထဲမှာ သူတို့ မောင်နှမ နှစ်ယောက်နဲ့ စကားမပြောတတ်သည့် CCTV ကင်မရာတွေသာ ရှိသည်။" မမ ကျွန်တော့်ကို အချိန်တစ်လ ပေးနိုင်မလား "
" ဘာလုပ်ဖို့လဲ "