" မအိပ်သေးဘူးလား "" အေး "
လိုက်ကာစကို ဆွဲပြီး မြတ်သူ မေးလိုက်သည်။ ရှင်းသန့်က စားပွဲခုံပုလေးပေါ် စက္ကူကတ်ထူကို တင်ကာ ပုံထိုင်ဆွဲနေသည်။
အမျိုးသားတစ်ယောက်ရဲ့ ဆွဲဆောင်မှု အရှိဆုံး အချိန်က အလုပ်တစ်ခုအပေါ် အာရုံစိုက်နေသည့် အခိုက်အတန့်လို့ ဆိုပါက ရှင်းသန့်တည်ကြည်ရဲ့ ကြည့်ကောင်းဆုံး အချိန်ကလည်း ပုံဆွဲနေချိန်ပဲ ဖြစ်လိမ့်မည်။
မြတ်သူ လိုက်ကာစကို လွှတ်ချပြီးနောက် အခန်းထဲ ဝင်ခဲ့လိုက်သည်။ လျှပ်စစ် မီးအိမ်တစ်လုံးရဲ့ အလင်းဖြာမှုကြောင့် မှောက်မိုက်နေခြင်း မရှိ။
ရှင်းသန့်ရဲ့ ဘေးမှာ ဝင်ထိုင်ရင်း ဆွဲထားသည့် ပုံကို ကြည့်မိလိုက်သည်။ ရိုးရိုးရှင်းရှင်း ခြေညှပ် ဖိနပ်တစ်ရံ ပုံပင်။
" နောက်ထုတ်မယ့် ဒီဇိုင်းလား "
" မဟုတ်ဘူး "
ရှင်းသန့်က သူ့အစ်မရဲ့ ကုမ္ပဏီမှာ ဒီဇိုင်နာအဖြစ် အချိန်ပိုင်း အလုပ်ဝင်သည်။ လခစား သဘော မဟုတ်ဘဲ ဆွဲပေးသည့် ဒီဇိုင်း အရေအတွက်ဖြင့် တိုင်းတာကာ လုပ်အားခကို ယူ၏။
စိတ်ကြိုက် ဆွဲထားသည့် ဖိနပ်ပုံကို တစ်ချက် ကြည့်ပြီးနောက် မြတ်သူဘက် စောင်းငဲ့လာသည်။
" ပိုင်ပိုင့်အတွက် ဆွဲနေတာ "
" ဘာရယ် ..! "
မြတ်သူ အံ့သြရတော့သည်။ ရှင်းသန့်က တစ်စုံတစ်ယောက်အတွက် ဒီလိုမျိုး ပုံဆွဲ ပေးတယ်ဆိုတာ သူ့တစ်သက် မကြုံဖူးခဲ့။ ကြားလည်း မကြားဖူးခဲ့။ ဖိနပ်ဒီဇိုင်း အသစ် တစ်ခါ ထွက်ဖို့ အရေးတောင် အစ်မဖြစ်သူက ကြိမ်ဖန် များစွာ တွန်းအားပေးမှသာ။
တစ်ဦးတစ်ယောက်အတွက် ရည်ရွယ်ပြီး ဆွဲနေခြင်းက ပထမဆုံး အကြိမ်ပင်။ ရှင်းသန့်ကို အကဲခတ်မိတော့လည်း စနောက်နေဟန် မရှိ။
" နွေကုန်ရင် မိုး ရောက်ပြီလေ။ ပိုင်ပိုင့်ကို လက်ဆောင် ပေးဖို့ မိုးတွင်းစီး တစ်ရံ ဆွဲနေတာ "
" ဒါဆိုလည်း ထုတ်လက်စနဲ့ ငါ့ကိုပါ ပေးလေ။ ဖိနပ်အသစ် မဝယ်ရတော့ ပိုက်ဆံ အကုန် သက်သာတာပေါ့ "