" လွန်ခဲ့တဲ့ ရှစ်နှစ်က ငါတို့ရွာမှာ အရမ်းကို ဆိုးရွားတဲ့ အမှုတစ်ခု ဖြစ်ခဲ့တယ် "
မည်းနက်သော ညအမှောင်ကို ထိုးဖောက်ဖို့ရာ မှိန်ပျပျ ကြယ်စင်များက ကောင်းကင်တစ်ခွင် စုရုံးကာ လင်းအား ပေးနေကြသည်။ လမင်းမှာ ပြည့်ပြည့်ဝဝ မထိန်သာနိုင်။ လေပြည်သည် ခတ်တစ်ချက်၊ ယဲ့ တစ်သဲ့ဖြင့် မွှေးကြူသော ပန်းမာလာ ရနံ့တို့အား ဖြန့်ကြက်နေသည်။
အချိန်မှာ ညကိုးနာရီပင် ကျော်လင့်ပြီ။ တောအရပ်၊ တောဓလေ့ မကွယ်ပျောက်သော ဒေသမို့ ဝန်းကျင်မှာ ဆိတ်ဆိတ်သုဉ်း တိတ်ကြလေပြီ။
ခြံထဲရှိ ကွပ်ပျစ်ပေါ်တွင် ထိုင်ကာ မြတ်သူက ဖြစ်ရပ်ဆိုးအား ရင်နင့်စွာ တူးဆွပြတော့၏။
မြတ်သူ၏ မျက်ဝန်းအစုံမှာ ရီဝေ မှိုင်းပျနေလျက်။ မြတ်သူ၏ လေသံမှာ ဖြည်းအေးသော်လည်း လေးလံမှုတို့ ဖုံးလွှမ်းလျက်။" မမြသက်အပေါ် စိုးနိုင် ကျူးလွန်ခဲ့တဲ့ ရိုင်းစိုင်း ယုတ်မာမှုကို ပိုင်ပိုင်က မထင်မှတ်ဘဲ တွေ့သွားခဲ့တယ်။ စိုးနိုင်ရဲ့ လူမဆန်မှုကြောင့် သနားစရာ ကောင်းတဲ့ မမြသက်ခမျာ အရှက်နဲ့ ခန္ဓာကို သာမက အသက်ကိုပါ ပေးခဲ့ရရှာတယ်။ အဲ့ဒီအချိန်တုန်းက ပိုင်ပိုင့် အသက်က ဆယ်နှစ်ပဲ ရှိဦးမယ်ထင်တယ်။ ကလေးတစ်ယောက်အနေနဲ့ လက်ခံဖို့ ခက်ခဲတဲ့ အရာကို တွေ့ကြုံခဲ့ရတယ်လို့ပဲ ဆိုရမလား .."
အတိတ်မှ ဆိုးသွမ်း ဟောင်းနွမ်းခြင်း ဖြစ်စဉ်အား မြတ်သူက ပြန်လည် မြည်တမ်းကာ ရှင်းပြလာတော့သည်။
******
" မြသက် .. မြသက် ခဏနေပါဦး "
ယာခင်းထဲမှ ပြန်လာသော မြသက်ကို စိုးနိုင်က လမ်းမှာ ကြိုတင် စောင့်ဆိုင်းနေခြင်း ဖြစ်သည်။ ရွာအစွန်မှာ တဲထိုး၍ နေသော မြသက်မှာ အားကိုးစရာဟူ၍ အမေအိုသာ ရှိလေသည်။ မြသက်တို့ သားအမိမှာ ဥစ္စာဓန နွမ်းပါသော်လည်း စိတ်ရင်း စေတနာလေး ကောင်းကာ ရိုးသား ဖြူစင်ကြပေသည်။
မြသက်နှင့် ဘဝအကျိုးပေးချင်း ခြားနားသော စိုးနိုင်မှာ ငွေကြေးဥစ္စာ ပြည့်စုံကြွယ်ဝ၍ ခက်ခက်ခဲခဲ ရုန်းကန်ရခြင်း မရှိခဲ့။ မိခင်ကလည်း အလိုလိုက် အကြိုက်ဆောင်ထား၍ အနည်းငယ် မောက်မာ ရိုင်းစိုင်းချင်သည်။