" မလင်းရေ .. မလင်း "ရှင်းသန့်က တကြော်ကြော် အော်ခေါ်သည်။ မေရီကလည်း အသံကြား၍ အိမ်ထဲက ထွက်လာသည်။
" ရှင်းသန့် .. ဘာကိစ္စ ရှိလို့လဲ "
" မလင်းကို လာမေးတာဗျ။ ကျွန်တော် အပ်ထားတဲ့ အင်္ကျီ ကိုင်နေပြီလားလို့ "
မြတ်သူ စိတ်အကြီးကြီး လေရပြီ။ ဒီ ညီတစ်ဝမ်းကွဲ ကိုယ်တော်ချောက ရင်ခုန်သံ အချစ်ဆိပ် တက်ပြီး မျက်နှာပြောင်ပဲ အတိုက် ကြမ်းလာသလား၊ ကျပ်ပဲ မပြည့်တော့တာလား မသိတော့ချေ။ သေချာသည်က အရိုက်ခံရမည့် အကွက်တွေ ထုတ်သုံးနေတာပင်။ ခုလည်း ပါးစပ်ထဲ ရှိရာ ဆင်ခြေကို ပေးရင်း ပိုင်ပိုင့်ကို မျက်လုံးတစ်စုံနဲ့ တိတ်တဆိတ် ရှာဖွေနေသည်။
" အင်္ကျီက နှစ်ပတ်ကြာဦးမယ်လို့ ပြောထားတယ်လေ။ ခုမှ နှစ်ရက်ပဲ ရှိသေးတာ။ ဘယ်ကိုင်ရဦးမလဲ "
" ဟုတ်ကဲ့ဗျ။ ကျွန်တော်က သိချင်လို့ပါ။ အလျင် မလိုတာမို့ အေးဆေးမှပဲ ချုပ်ပါ "
ရှင်းသန့်ရဲ့ အကြံကို မရိပ်မိသည့် မေရီ့မှာ နားမလည်နိုင် ဖြစ်နေရှာသည်။ နှစ်ပတ်ရက်ချိန်း ပေးထားသည့် အင်္ကျီကို နှစ်ရက်နဲ့ လာမေးပြီး အလျင်မလိုဘူးဟု ပြောင်ကျကျ ဆိုရဲလိုက်သည့် ရှင်းသန့်က တော်ရုံ အချိုးမပြေတာတော့ မဟုတ်။
အပြောနဲ့ အလုပ် မကိုက်ညီသည့် ရှင်းသန့်ကို ကြည့်ပြီး ကြောင်အမ်းအမ်းလေး ဖြစ်နေသည့် မေရီက မြတ်သူအတွက်တော့ အလှနတ်ဘုရားမလေးပမာ စွဲမက်ယစ်မူးဖွယ်။ ဘဝတစ်သက်စာ ပုံထပ်ချင်မိသည်အထိ မြတ်သူမှာ မြတ်မြတ်နိုးနိုး ချစ်ရသည်။ ဒါတွေကို မေရီ သိအောင် တစ်နေ့တော့ ပြောခွင့် ရချင်သေး၏။" ဒါနဲ့ ပိုင်ပိုင်ရော .. အိမ်ထဲမှာ မရှိဘူးလား "
" မရှိဘူး။ ဘုန်းကြီးကျောင်းမှာ။ ဆရာတော် ဘုရား ခေါ်လို့ မနက်ကတည်းက ထွက်သွားတာ "
" ဟုတ်ကဲ့။ ဒါဆို ကျွန်တော်တို့ ပြန်လိုက်ဦးမယ်နော် "
ရှင်းသန့်က မေရီ့ကို အပိုကျိုးစွာ နှုတ်ဆက်သမှု ပြုသည်။ ရှင်းသန့်ကို ခေါင်းညိတ်ပြရင်း မေရီ့ရဲ့ မျက်ဝန်းတစ်စုံက မြတ်သူဆီ ဝေ့လာ၏။
