Parallel
Part 9နောက်ကျိနေသော ခေါင်းနှင့် ကိုက်ခဲနေသော လက်တစ်ဖက်ကို အသာဖိထားရင်း အိပ်နေရာကနေ နိုးလာခဲ့သည်။ ချန်ယောလ်က အိပ်ယာပေါ်မှာ အိပ်ပျော်နေတာမဟုတ်ဘဲ ဆေးရုံနားနေခန်းရှိ စာကြည့်စားပွဲတွင် စာအုပ်ပေါ် မှောက်ကာ အိပ်ပျော်နေခဲ့ခြင်းဖြစ်သည်။ ဖိအိပ်မိထားသော ဘယ်ဘက်လက်က ကိုက်ခဲနေပြီး ကောင်းစွာ မအိပ်ရသေးသောကြောင့် ခေါင်းလည်း ကြည်မနေတော့ပေ။
ချန်ယောလ် ဒီလပိုင်းအတွင်း အိမ်ကို တစ်ပတ် တစ်ကြိမ်သာ နာရီပိုင်းလောက်ပြန်ဖြစ်ပြီး ကျန်တဲ့အချိန်တွင်တော့ ဆေးရုံမှာသာ နေဖြစ်တာများသည်။ အိမ်ပြန်သည့်ခဏတွင် တစ်အိမ်လုံးကို သန့်ရှင်းရေးလုပ်ပြီး အဆိုးလေးကြိုက်တဲ့ air fresher နံ့ကို သေချာဖြန်းသည်။ အသန့်ကြိုက်တဲ့ အဆိုးလေးသာ ရုတ်တရက်ပြန်လာလို့ အိမ်ခန်းညစ်ပတ်နေရင် စိတ်ဆိုးနေဦးမည်။ အဆိုးလေးမရှိတဲ့အချိန်ကာလပေမဲ့ သူရှိနေတုန်းကအငွေ့အသက်တွေအတိုင်း ခြေရာလက်ရာမပျက်အောင် ချန်ယောလ်က ထိန်းသိမ်းထားချင်သည်။ နံရံပေါ်က ဓာတ်ပုံတွေကလည်း ထိုအနေအထားအတိုင်း မပြောင်းမလဲရှိနေဆဲပင်။ လေးပုံမြောက် ဓာတ်ပုံကိုချိတ်ဖို့အချိန်တန်တဲ့အခါ အဆိုးလေးက ချန်ယောလ်ဆီပြန်ရောက်လာလေမလား။ မျှော်လင့်ရင်းနဲ့ပင် ရူးချင်လာသည်။ လွမ်းလိုက်တာ အချစ်ရာ။
နားနေခန်းရှိ နှစ်ထပ်ကုတင်နှစ်လုံးပေါ်တွင် ညဂျူတီပါသော ဆရာဝန်များ အိပ်နေကြသည်။ အနှောက်အယှက်ဖြစ်မည်စိုးသောကြောင့် ချန်ယောလ်က အသံမထွက်အောင် ခုံကနေ ထ လိုက်ပြီး အခန်းပြင်ထွက်ခဲ့သည်။ ဆရာဝန်များသုံးရန် သီးသန့်ထားပေးသော ရေချိုးခန်းတွင် ကိုယ်လက်သန့်စင်လိုက်ပြီး နားနေခန်းကို ပြန်ရောက်တော့ ခုနက အိပ်ကျန်ခဲ့သည့် ဆရာဝန်အားလုံး နိုးနေကြပြီဖြစ်သည်။ ပြီးတော့ ဘတ်ခ်ဟျွန်းလည်းရောက်နေသည်။
"အားလုံးစားဖို့ မနက်စာလာပို့တာ"
ဘတ်ခ်ဟျွန်းက ချန်ယောလ်ကို မြင်တာနဲ့ ခုံမှာထိုင်နေရာက ထပြီး အနားကိုရောက်လာသည်။ သွက်လက်ပြီး အဆိုးလေးထက် တစ်နှစ်ငယ်သည့် ကောင်လေးကို ချန်ယောလ်က ညီငယ်တစ်ယောက်လိုသာ သဘောထားလိုသည်။ ဒါပေမဲ့လည်း ဘတ်ခ်ဟျွန်းစိတ်ထဲ ဘာရှိနေလဲမသိရလောက်အောင် သူက တုံးအနေခဲ့တာတော့မဟုတ်ပေ။
VOCÊ ESTÁ LENDO
|| P A R A L L E L ||
Fanficမျဉ်းပြိုင်နှစ်ကြောင်းဟာ နီးကပ်နေသလောက် ဆုံမှတ်မရှိဘူး ခင်ဗျားနဲ့ကျွန်တော်ဟာ မျဉ်းပြိုင်.... (Unicode + Zawgyi)