Parallel
Part 5တိတ်ဆိတ်မှုသာကြီးစိုးနေသော တိုက်ခန်းထဲသို့ ချန်ယောလ်ပြန်ရောက်ချိန်သည် ည ၁၀ နာရီကျော်နေပြီဖြစ်သည်။ အရင်လို့ ပစ်ခွဲသောင်းကျန်းထားပြီး ပစ္စည်းများပြန့်ကျဲနေဖို့မျှော်လင့်သော်လည်း ပကတိအတိုင်းရှင်းလင်းကာ တိတ်ဆိတ်နေသော တိုက်ခန်းကသာ ဆီးကြိုနေသည်။ နံရံပေါ်က ပုံများရော ကြမ်းပေါ်မှာ အထိုင်ချထားသည့် စားပွဲ ခုံနှင့် ထိုပစ္စည်းများပေါ်တွင် အလှတင်ထားသည့် ဖန်ပန်းအိုး ဖန်ခွက်များကပါ ခြေရာလက်ရာမပျက် ရှိနေသည်။ မနက်တစ်ပိုင်းသာ အလုပ်သွားမည်ဟုပြောခဲ့သည့် အဆိုးလေးက အိမ်ပြန်မရောက်သေးတာတော့ မဖြစ်နိုင်ပါ။
*အဲ့ဒီရက်အတွက် ပျက်ကွက်ရင်တော့ ကျွန်တော်ခင်ဗျားနားမှာ မနေတော့ဘူး*
နားထဲမှာ ပြန်ကြားယောင်လာသည့် အဆိုးလေး အသံကြောင့် အလုပ်စားပွဲကို ပြေးကြည့်မိသည်။ အဆိုးလေးက သူ့ဒီဇိုင်းပုံကြမ်းတွေနဲ့ သူသုံးတဲ့ပစ္စည်းတွေကို ထားခဲ့ပြီးတော့ထွက်သွားမဲ့သူမျိုး မဟုတ်ပေ။ ထိုအရာများရှိမနေတော့ခြင်းက အဆိုးလေးမရှိတော့တာနှင့် အတူတူပင်ဖြစ်သည်။
ရှင်းလင်းနေသော အလုပ်စားပွဲကို မြင်သည့်အချိန်တွင် ချန်ယောလ်နှလုံးသားတစ်ခုလုံး ပြုတ်ကျသွားသလိုခံစားရသည်။ ဟာ ခနဲဖြစ်သွားသော ခံစားချက်နှင့်အတူ ကြမ်းပေါ်ကို ထိုင်ချလိုက်မိသည်။
စိတ်ဆိုးပြီးအော်ဟစ်သောင်းကျန်းချိန်တိုင်း ထွက်သွားမယ် ပြန်မလာခဲ့နဲ့ လမ်းခွဲမယ် ပြတ်ပြီ ဆိုတဲ့စကားတွေပြောခဲ့ပေမဲ့ နောက်တစ်နေ့မနက်တွင်တော့ ချန်ယောလ်ရင်ခွင်ထဲမှာပဲ အံဝင်ခွင်ကျ အိပ်စက်နေရာကနေ နိုးထလာနေကျပဲမဟုတ်လား။ အခု တကယ်တမ်းထွက်သွားတော့ အဲ့ဒီလို ရင်နာစရာစကားကြမ်းတွေ တစ်ခွန်းမှကို မပြောခဲ့တော့ပါလား။
သူ့မိဘတွေရှိတဲ့အိမ်ကို ပြန်သွားတာဖြစ်နိုင်သည်ဟု တွေးမိတာနဲ့တစ်ပြိုင်နက် ထိုင်နေရာမှထပြီး အဆိုးလေးတို့အိမ်ကို ကားနဲ့ထွက်ခဲ့တော့သည်။ နာရီပေါင်းများစွာ ခွဲစိတ်ခန်းထဲမှာ အာရုံစိုက်လာရလို့ ညောင်းကိုက်နေခြင်းကိုလည်း အမှုမထားမိတော့။ တဆစ်ဆစ်ထိုးကိုက်နေတဲ့ နားထင်ကြောကို လက်နဲ့ဖိကာ ဖြေနေရင်း ရောက်လိုသည့်နေရာကို မြန်မြန်ရောက်ဖို့သာ စိတ်စောနေတော့သည်။
VOCÊ ESTÁ LENDO
|| P A R A L L E L ||
Fanficမျဉ်းပြိုင်နှစ်ကြောင်းဟာ နီးကပ်နေသလောက် ဆုံမှတ်မရှိဘူး ခင်ဗျားနဲ့ကျွန်တော်ဟာ မျဉ်းပြိုင်.... (Unicode + Zawgyi)