Unicode~
Roninအပေါ်မှာ တင်ဖူးတဲ့သူဆိုလို့ Jeonက ပထမဆုံးပဲ။ ကျွန်တော့်အတွက် သီးသန့်မော်တော်ဆိုင်ကယ်မို့ ကျွန်တော်ကလွဲရင် တခြားလူတွေထိတာကိုပင်မကြိုက်။
"Jeon မောင်းလိုက်"
"ဖြစ်ပါ့မလား"
"ဖြစ်တယ် မောင်းသာမောင်း"
Ravenမြို့ကနေ ဆိုင်ကယ်နှစ်စီးပြိုင်ထွက်လာတဲ့ မြင်ကွင်း။ အမှောင်ကြီးစိုးနေသည့်အချိန်မှ ဘယ်သူမှတော့ သတိထားမိမှာမဟုတ်။ အနက်ရောင်တွေချည်း ဝတ်ထားကြတာမို့ ခပ်လှမ်းလှမ်းကသာဆို မြင်နိုင်မှာတောင်မဟုတ်။
လူသွားမများတဲ့ လမ်းတွေကနေ ထွက်ပြေးရတာမို့လည်း အချိန်ပိုကုန်နေသည်။Ravenကို အတော်လေးလွန်လာကာမှ Benzoနဲ့ Ebonyက Casperဘက်ကို ခရီးဆက်သွားကြသည်။ ကျွန်တော်တို့နှစ်ယောက်အတွက်တော့ ဦးတည်ရာမဲ့နေဆဲ။ Hawk မျိုးစုတွေ လွတ်ကင်းရာကို ရောက်ဖို့ ဘယ်နေရာ ဘယ်ဒေသထိ ခရီးဆက်ရဦးမှာလဲ။
"ကိုယ်တို့ ဘယ်သွားကြမှာလဲ"
"သွားကြတာပေါ့ ကမ္ဘာအဆုံးအထိ"
Kimက အသံက လေတိုးသံတွေကြားမှာ မပီမသလေးသာထွက်လာသည်။ သူအသက်ရှူတိုင်း ကိုယ့်လည်ဂုတ်ကို လာရိုက်ခတ်တဲ့ လေနွေးနွေးတွေက ကိုယ့်နှလုံသားကိုပါထွေးပိုက်ထားသည်...မင်းကိုယ့်အနားရှိနေတယ်ဆိုတဲ့အသိနဲ့ပေါ့။
"အရမ်းမစိုးရိမ်ပါနဲ့။ ခုကစပြီး ကိုယ်က ကာကွယ်ပေးမှာမို့"
ခါးတဝိုက်ကို ဖက်တွယ်ထားသော Kimရဲ့လက်တွေ ပိုမို တင်းကြပ်သွားတာကို ခံစားမိသည်။ မျက်လုံးနှစ်လုံးရဲ့ ချိတ်ဆက်မှုကြောင့် Kimရင်ထဲမှာရှိတဲ့ ပူပင်သောကတွေကိုပါ ခံစားသိမြင်နေခဲ့တာ။
Kimက သိပ်ကို စိတ်ပူတတ်ရန်ကော...။ ကိုယ်သေချာပေါက် Kimကို ကာကွယ်သွားမှာ။
တစ်ခါမှမသုံးဖူးတဲ့ မေမေ့မျက်လုံးတွေကိုလည်း အားနာစွာနဲ့ပဲ ကိုယ်ကျိုးအတွက်သုံးရတော့မှာပေါ့။"Kim... အိပ်နေတာလား"
အသံမကြားလို့ ခေါ်ကြည့်တော့ သူအိပ်ပျော်သွားပြီထင်ပါရဲ့။ အခုတလော Kimသိပ်ပင်ပန်းခဲ့မှာ သေချာတယ်။ ကိုယ်နဲ့ထွက်ပြေးဖို့အထိ အကွက်ချ စီစဥ်ခဲ့ရမှာ။ လူမပင်ပန်းရင်တောင် စိတ်ဖိစီးခဲ့မှာ။ ကိုယ်ကတိပေးပါတယ် ခုကစပြီး နှစ်ယောက်တည်းကမ္ဘာမှာ မင်းအမြဲပြုံးနေနိုင်ဖို့ပေါ့။