Unicode~
Hawk ခေါင်းဆောင်မရှိတော့ဘူးဆိုတဲ့ သတင်းက တမုဟုတ်ချင်း ပြန့်နှံ့လျက်။ တခြားလူမျိုးစုတွေက Hawkကို သိမ်းပိုက်ဖို့ အသီးသီးထကြွလာကြသည်။ ပုံမှန်ထုံးစံအရဆို ခေါင်းဆောင်ရဲ့ သားဖြစ်တဲ့ Taehyungကို တိုက်ခိုက်လိုက်ရင်ရပေမယ့် Taehyungလည်းမရှိတဲ့အခြေအနေမို့ ပရမ်းပတာ တိုက်ခိုက်မှုတွေကသာ ဟိုတစ်စ ဒီတစ်စဖြစ်နေတော့သည်။
"သခင်လေး..!"
Hawk အိမ်တော်ကို ရောက်တာနဲ့ အဲ့ဒီမှာ ကျန်နေတဲ့ အစောင့်လေးက ခေါ်သည်။ သူ့ဘေးက ကျန်တစ်ယောက်က မျက်စပစ်ပြသည်။ ကြည့်ရတာ သခင်လေးလို့ ခေါ်သင့်မခေါ်သင့်ငြင်းခုံနေကြဟန်။ အဆန်းတော့မဟုတ် သူကိုယ်တိုင် စွန့်ခွာခဲ့တဲ့နေရာပဲလေ။
အနောက်မှာပါလာတဲ့ Jeon ဆီအကြည့်ရောက်တော့ ချက်ချင်း ခက်ထန်သွားကြသည်။"Hawk ဘယ်နှယောက်ကျန်လဲ။ အကုန်စုလိုက်"
"အဲ့တာက...."
"မင်းတို့သခင်လေးအနေနဲ့ မဟုတ်ဘဲ အပြင်လူတစ်ယောက်အနေနဲ့ လာပြောတာ"
ဩဇာတိက္ကမပြည့်စုံလွန်းသူမို့ အားနည်းနေတဲ့ ရုပ်သွင်ကို အလုံးစုံဖုံးဖိနိုင်သည်။ သူတို့ရဲ့ သခင်လေးမဟုတ်တော့တာမို့ လေးစားစရာမလိုတော့ဘူးဆိုတဲ့ ကွယ်လွန်သူ Hawkခေါင်းဆောင်ရဲ့ အမိန့်တွေကို မနာခံနိုင်တော့သည်အထိ။ အကြည့်တွေရဲ့ စူးရှမှုက နည်းနည်းမှ မကျသွား။ ထိုမျှလောက်ထိ Kim Taehyung ဆိုသူရဲ့ အရှိန်အာဏာက ကြီးကျယ်လွန်းသည်။
"ငါ ဒီနေရာမှာ ကြာကြာမနေချင်ဘူး။ အမြန်ဆုံး လူစုလိုက်!"
တကယ်တမ်းဒီကိစ္စတွေကို ဦးဆောင်သင့်တာ Jeon JungKook ဆိုတဲ့ကျွန်တော်ပေမယ့် Hawkမျိုးစုလက်ကျန်တွေကိုတော့ Kimကိုယ်တိုင် ကိုင်တွယ်မှ လွယ်ကူလိမ့်မည်။ Kimကိုယ်တိုင်က စိတ်အားထက်သန်မှုတွေရှိနေတာမို့ Hawkကောင်လေးတွေကလည်း ရှိန်နေကြပုံ။
"ထိုင်လေ Jeon"
Hawk အိမ်တော်ကို ပထမဆုံးရောက်ဖူးတာမို့ ငေးမောနေမိတာ။ ကိုယ့်ဘဝမှာ တစ်ခါမှ မမြင်မတွေ့ဖူးနိုင်လောက်အောင် Hawkအိမ်တော်က ခမ်းနားလွန်းသည်။ ဧည့်ခန်းမဆောင်မှာ အလှဆင်ထားတဲ့ သိမ်းငှက်ရုပ်ထုကြီးက ပြောင်လက်နက်မှောင်နေပြီး ဧည့်ခန်းထိပ်မှာ ငွားငွားစွင့်စွင့်။ ခြူးပန်းခြူးနွယ်တွေ သွယ်တန်းထားတဲ့ မျက်နှာကျက်ကအစ တခမ်းတနား။ Hawkတွေရဲ့ အရှိန်အဝါက ကြီးကျယ်လွန်းသကိုး။