Unicode~
တစ်လဆိုတဲ့ အချိန်ကျော်ဖြတ်ပြီးတာတောင် ပုန်းနိုင်သူတွေက အပုန်းတော်ကြတယ်။
Hawkရဲ့ တပ်သားတွေ တစ်သုတ်ပြီးတစ်သုတ်ခွဲလွှတ်ကာ ရှာဖွေစေပေမယ့် လုံးဝမတွေ့သေး။ တချို့တပ်သားတွေက ရာသီဥတုအပြောင်းအလဲသိပ်ကြမ်းလို့ နာမကျန်းဖြစ်သူကဖြစ် သေသူကသေ။ သို့သည်တိုင် ထိုနှစ်ယောက်က အပုန်းအရှောင်ကောင်းဆဲပင်။"ဒီတစ်ခါ မြောက်ပိုင်းနှင်းတောင်ဒေသကရွာတွေကို စေလွှတ်ထားတဲ့လူတွေပြန်ရောက်ပါပြီ။ ကံဆိုးစွာနဲ့ တပ်သား ၉ယောက်..."
လက်ကာပြလိုက်တော့ ထိုကိုယ်ရံတော်၏ စကားတွေက လမ်းခုလတ်မှာတင် ရပ်တန့်သွားရသည်။ ခေါင်းဆောင်ရဲ့ပုံစံက တစ်ရက်ထက်တစ်ရက်ပူလောင်လာပြီး ဒေါသကြီးလာသည်။ တခြားသော မျိုးစုတွေကလည်း Hawkရဲ့ သခင်လေး ကျားတစ်ကောင်နဲ့ ထွက်ပြေးသွားတယ်ဆိုတဲ့ကိစ္စကိုကြားပြီး လှောင်သူက လှောင်၊ ပြောင်သူကပြောင်မို့ ရစရာသိက္ခါပင်မရှိတော့။
ဘယ်လောက်ပဲ နှုတ်ပိတ်ဖုံးကွယ်ပါစေ လူတွေရဲ့ သဘောသဘာဝကိုက သူများအကြောင်းပြောဆိုရမှ စားဝင်အိပ်ပျော်ကြသည်လေ။
အခုတော့ Ravenတစ်မြို့လုံး ထိုသတင်းကြီးက ပွစိခတ်လို့။"ရွာသူရွာသားတွေဆီကရော ဘာသတင်းမှမရဘူးလား"
"သူတို့လည်း မတွေ့ဖူးဘူးလို့ပဲဖြေပါတယ်။ အခုလောလောဆယ်တော့ ပင်လယ်ကမ်းစပ်ဒေသတွေကိုပါ တိုးချဲ့ရှာဖွေနေပါတယ်"
"အင်း..ငါနားလည်ပြီ။ မင်းလည်းနားတော့"
ကိုယ်ရံတော်ထွက်သွားတော့ ထိန်ချန်ထားတဲ့ ဒေါသတွေကို ပွင့်ထွက်စေလိုက်သည်။ ခွဲချလိုက်ရတဲ့ ကြွေထည်ပစ္စည်းတွေ အကောင်းပြန်မဖြစ်လာသလို သူ့ရဲ့သိက္ခါတွေလည်းအကောင်းပြန်မဖြစ်လာတော့။ ကိုယ့်ရဲ့သွေးသားရင်း ကိုယ့်အကြောင်းကို အသိဆုံးလူက အဲ့လိုပဲ ခြေစုံကန်သွားတာ။
စိတ်မောစွာဖြင့် ဆေးပြင်းလိပ်ကို ရှိုက်ဖွာလိုက်ပြီး ဆေးလိပ်ပြာခွက်ထဲသို့ ပြာမှုန်များကို တောက်ချသည်။ အခုသူ့မှာရှိတာ လူအင်အား လက်နက်အင်အားသက်သက်။ ဒါတွေကြောင့်သာ လူတွေက ကြောက်ဟန်ပြနေတာ။ ဒီလက်နက်တွေမရှိတဲ့နောက်ကွယ်မှာ ဘယ်လောက်တောင် ဟားတိုက်နေလိုက်ကြမလဲ။