ဒိုင်း......
ကျယ်လောင်စွာထွက်ပေါ်လာတဲ့ အသံကျယ်ကြီးတစ်ခု ထိုအသံကြားရာသို့သွားကြည့်တော့မြင်လိုက်သည်က....
လူတစ်ယောက် သွေးအိုင်ထဲတွင် လဲကျလို့နေသည်။ သွေးအိုင်ထဲက လူက အပြုံးလေးဖြင့်
"မောင့်ကို သတ်တဲ့သူက မောင်ချစ်ရတဲ့သူတစ်ယောက်ဖြစ်နေတဲ့အတွက်ကြောင့် မောင်သေရင်တောင်ပျော်ပျော်ကြီး သေမှာပါ...."
**************
ရန်ကုန် ဆိပ်ကမ်းတစ် နေရာတွင် ၁၉၄၀ ခုနှစ် ~
ရန်ကုန်ဆိပ်ကမ်းတွင် အလုပ်သမား၊ကုန်သည်များ ၊ခရီးသွားများဖြင့်စည်းကားနေလျက်ရှိသည်။တောင်းကြီးတောင်းငယ်များဖြင့်လည်းဈေးသည်များထမ်းလျက် ဈေးရောင်းရင်ပြင်နေကြသည်။အထမ်းကုလားများကလည်း ခရီးသည်များကြားထဲတွင် ခရီးသည်များကိုလုနေလျက်ရှိသည်။
လူအုပ်ပေါင်းများစွာကြားထဲမှာ အရပ်ခပ်မြင့်မြင့် ကောင်လေးတစ်ယောက် သားရေအိတ်ကိုတစ်ဖက် ၊ကျန်တစ်ဖက်ကို ကုတ်အင်္ကျီကိုင်ကာ သဘော်ပေါ်မှဆင်းလာသည်။လူများကြားမှတိုးဝှေ့လျက်လာရတာဖြစ်သောကြောင့် မျက်နှာမှာအနည်းငယ် တင်းမာနေသည်။
ခဏအကြာ သူအနားသို့ ကောင်ငယ်လေးတစ်ယောက်လျင်မြန်စွာပြေးလာပြီး လက်ထဲမှကိုင်လာသောသားရေအိတ်လေးကိုသယ်လိုက်သည်။
ပြီးနောက်ပြုံးရယ်ပြကာ ဆိပ်ကမ်းအပြင်ဘက်သို့ခေါ်သွားလေသည်။ဆိပ်ကမ်းအပြင်ဘက်တွင် လှပသော မြင်းလှည်းတစ်စီးရပ်နေသည်။ ထိုမြင်းလှည်းပေါ်သို့ တက်လိုက်သည်။
မရောက်တာ ကြာလှပြီဖြစ်တဲ့ စိမ်းသက်လှတဲ့ ရန်ကုန်မြို့တော်ကြီး ကို လမ်းတစ်လျှောက်လုံးဘာစကားမှပင်မဆိုနိုင်ပဲငေးမောလို့လာခဲ့သည်။
ဆူးလေဘုရားနှင့်ဆူးလေလမ်းမကြီး အိမ်ခြေတို့မှာ ကျိုးတိုးကျဲတဲ။ လမ်းပလက်ဖောင်းများလည်းမရှိသေး။ထိုမြင်ကွင်းများကိုကြည့်ပြီးနောက် မျက်စိစုံမှိတ်လျက် နောက်သို့မှီကာထိုင်လိုက်သည်။
"မြို့အုပ်မင်းဗျ...."
စိမ်းသက်လှပြန်တဲ့အခေါ်ဝေါ်တစ်ခု ကိုကြားရပြန်တော့ မပြီးမြောက်သေးတဲ့ အလုပ်ကိုသတိရမိပြန်သည်။မျက်လုံးလေးဖွင့်ကာ ရှေ့က ကောင်ငယ်လေးကို စေ့စေ့ကြည့်လိုက်တော့ ထိုကောင်လေးမှာ လန့်သွားပုံရသည်။