မောင့်အချစ်ဦး
အခန်း(၄)
အထည်တွေကိုသပ်သပ်ရပ်ရပ်စီထည့်ကာ ချိတ်ထည်ချည်ထည်မရောစေရန် ခွဲထည့်ဖို့အတွက် ဆိုင်ကကောင်မလေးတွေကို သူမသေချာသင်ပေးရ၏။ ပါးစပ်ရောလက်ရော မအားအောင်အလုပ်ရှူပ်လျက်ရှိသည်။
အထည်ရောင်းရသည်မှာလည်း လွယ်တော့မလွယ်ပေ။
ဝယ်သူစိတ်ကြိုက်ရှာပေးရပြပေးရသလို အကြိုက်တွေ့အောင်လည်း ပြောပေးရောင်းပေးတတ်ရ၏။
တခါတလေများ တစ်ဆိုင်လုံးမွှေနှောက်ကြည့်ပြီးမှသဘောမကျဘဲမဝယ်သည်ကိုလည်း ကြုံရ၏။
သိုပေမယ့် နွယ်ပျော်ပါသည်။
သူမသဘောကျရသော အလုပ်ပေပဲမဟုတ်လား။ကိုယ်တိုင်မြန်မာဝတ်စုံဝတ်ရသည်ကို သဘောကျသလို ချည်ထည်ကောင်းကောင်းချိတ်ထည်ကောင်းကောင်းကိုဝတ်ရမှလည်း ကျေနပ်၏။
လက်ရာသေသပ်ရမည်။
အသားကောင်းရမည်။
ခိုင်ခံ့ရမည်။
ကိုယ်တိုင်စိတ်ကြိုက်တွေ့မှ ဆိုင်တွင်တင်ရောင်းတတ်သည်မို့ နွယ့်ကိုဆိုလျှင်ဖောက်သည်တော်တော်များများက ယုံကြည်ကြသည်။ချည်လုံချည်တို့နှင့် ကိုက်ညီသည့်အကျီင်္ အထည်စတို့ဖြင့်တွဲနေစဥ်....
"နွယ်ရေ.."
"မမဘာလိုအပ်ပါသလဲရှင့် "
"အော် ညီမလေး နွယ်ရှိလားဟင်"
နွယ့်နာမည်ခေါ်သံကြားလိုက်တာမို့ တွဲလက်စအထည်တို့ကိုချကာ ဆိုင်အတွင်းဘက်မှထွက်လာရင်း
"အေးမာရေ ဘယ်သူ....ဟယ် ခိုင်ဆွေ ...."
"နွယ်. အမလေး ရှာလိုက်ရတာ မယ်မင်းကြီးမရယ်"
"နင်ကလဲဟာ ဖုန်းဆက်လိုက်ရင်ရသားနဲ့"
"အော် လူကိုယ်တိုင်လာချင်လို့ပေါ့ဟယ် ဆိုင်လိပ်စာလည်းသေချာမမေးမိတော့ ငါ့မှာဖတ်ဖတ်ကိုမောရောပဲ"
ခိုင်ေဆွ့စကားေကြာင့်နွယ်ရယ်လျက်
"အဟင်းဟင်း ကဲ ထိုင်ပါအုန်း ဘာကိစ္စတုန်း လူကိုယ်တိုင်ဖတ်ဖတ်မောအောင်လာရှာရတဲ့အကြောင်းလေး ပြောစမ်းပါအုန်း"
နွယ့်အမေးကြောင့် ခိုင်ဆွေ့မျက်နှာပြုံးစိစိလေးဖြင့်
"ဟီး အခြားတော့မဟုတ်ဘူး ငါမဂင်္လာဆောင်တော့မယ်ဟ အဲ့တာ နင့်ကိုဖိတ်စာလာပေးတာ "